စစ်ကိုင်းတိုင်းအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လေးခုရှိ

mdn

စစ်ကိုင်း ၁၈ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၄ ခုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြောသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု သုံးခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု တစ်ခု၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်သည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁ ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂ ခုရှိကြောင်း သိရသည်။

 

‘ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာများတယ်’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လေးခုရှိပြီး အမေရိကန်ဒေါ်လာ သုံးသိန်းရှိကြောင်း သိရသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လေးခုတွင် ငွေကျပ် ၂၄ ဒသမ ၆ ဘီလီယံရှိကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီ ၉၄ ခုအား ဖွဲ့စည်းတည်ထောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်