အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူတို့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်   ၇  စက်တင်ဘာ 
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်များနှင့် ပတ်သက်၍ အလွတ်သဘော ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာ တွင် “ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး နောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ရှေ့ဆက်လက် အကောင်အထည်ဖော်မဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းလျက် ရှိပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးအသား အစည်းအရုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာဆိုရင် အခုဆိုရင် (၁၁)ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်များ အပြည်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် (၂၁)ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးသဘော တူညီချက်တွေ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။

9+

ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့အကြားမှာ ဘုံသဘောတူညီချက်အဖြစ် ပဋိဉာဉ် ချမှတ်ထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို မဏ္ဍိုင်ပြုပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ဖြစ်ထွန်းပေါ်ပေါက်လာမဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ အားလုံးမျှော်လင့်ထားပြီး ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဖြေရှင်းလို့မရနိုင်ခဲ့တဲ့ အခြေအနေတစ်ခုကို နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တဆင့်သာ ဖြေရှင်းနိုင်မယ် ဆိုတာ ကျွန်တော်တို့ အားလုံးလက်ခံထားကြပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲ မတူညီကွဲပြားခြားနားမှုတွေ ရှိပါစေ။ မတူညီမှုတွေ ကနေ တူညီမှု၊ ကွဲပြားခြားနားမှုတွေကနေ တူညီမှုတွေကို ကျွန်တော်တို့ကိုယ်တိုင် ညှိနှိုင်းအဖြေရှာနိုင်ခဲ့ကြ လို့လည်း NCA စာချုပ်၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း (၂) တွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေ၊ ခက်ခဲပါတယ်ဆိုတဲ့ အရာတွေကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ နှစ်ဖက်သဘောတူညီချက်နဲ့ ဖော်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ မပြေလည်မှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့တဲ့ မပြေလည်မှုတွေကို ခြုံငုံ သုံးသပ်ပြီးတော့ အစိုးရအနေနဲ့ တပြိုင်တည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမဲ့ လမ်းစဉ်လေးရပ်ကို ဖော်ထုတ်ပြီးတော့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ NCA အရ ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဖက်ဒရယ်အခြေခံမူတွေ ရယူနိုင်ဖို့ကိစ္စ ၂၀၂၀ အလွန်နဲ့ ၂၀၂၀ မတိုင်ခင်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အဆင့်လိုက်ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးရလဒ်တွေ ရရှိခံစားနိုင်ဖို့အတွက် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

09+

ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA ကို မဏ္ဍိုင်ပြုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်တွေဟာလည်း NCA ကနေ သွေဖီလွဲချော်လို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ NCA ကို ဗဟိုပြုတဲ့ လုပ်ငန်းစဉ်လေးရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်းလည်း သတိပြုစေလိုပါတယ်။ ဒီကနေ ဆွေးနွေးပွဲ ကနေ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာမယ်လို့လဲ ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါ တယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြဖို့ အခက်အခဲတွေရှိရင်လည်း ဝိုင်းဝန်းအဖြေရှာကြဖို့နဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ဖို့ သဘောတူညီချက်တွေ ရယူဆောင်ရွက်ပေးနိုင်ဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြား သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီး တစ်နှစ်ကျော်ကြာ မကျင်းပနိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် နှစ်ဖက်ကွဲပြားမှုများကို ရှာဖွေနိုင်မည့် နည်းလမ်းများအား ညှိနှိုင်းဆွေးနွေးနိုင်ခဲ့သည်။ ယနေ့ ဆွေးနွေးပွဲသည် အဆိုပါ ဆွေးနွေးမှု ရလဒ်အနေဖြင့် အပြုသဘောဆောင်နိုင်မည့် သဘောထား စုစည်းချက်များ ရရှိစေရန်အတွက် ညှိနှိုင်းဆွေးနွေး ကြခြင်းဖြစ်ကြောင်း သိရသည်။

09++

ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အမှာစကားပြောကြားရာတွင် “ ဒီကနေ့ ဆွေးနွေးပွဲက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ ရှေ့ဆက် သွားနိုင်ဖို့အတွက် ကျွန်တော်တို့ ကေအဲန်ယူ အဖွဲ့အစည်းနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်က ကိုယ်စားလှယ် များနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်လာခဲ့တဲ့ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းကလည်း ကျွန်တော်တို့ရဲ့ NCA အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုပြီးတော့ အားကောင်းဖို့အတွက် သဘောတူညီခဲ့တဲ့အတိုင်း လက်တွေ့ကျကျ အောင်အောင်မြင်မြင်နဲ့ သဘောတူညီပြီး ချုပ်ထားတဲ့ ပဋိဉာဉ်အတိုင်း အကောင်အထည်ဖော်ဖို့ပါ။ တွေ့ဆုံမှုတွေက တစ်ဆင့်ပြီး တစ်ဆင့် နားလည်မှုနဲ့ တူညီမှုတွေ နီးစပ်လာတယ်။ ဒီအစည်းအဝေးက ကျွန်တော်တို့ NCA အကောင်အထည်ဖော်တဲ့ နေရာမှာ ပိုမိုအောင်မြင် နိုင်ဖို့အတွက် ပိုမိုတိုးတက်အောင်မြင်ပြီး ကျွန်တော်တို့ သဘောတူ အကောင်အထည် ဖော်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

NCA ကို အကောင်အထည်ဖော်တဲ့နေရာမှာ သဘောတူညီချက်က အဓိက (၂) ချက်ရှိပါတယ်။ တစ် အချက်က သဘောတူ ထားတဲ့ အတိုင်းအပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက် မယ်ဆိုရင် စာချုပ်မှာပါတဲ့ အချက်တွေကို ပိုမိုအခြေခံပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်တွေကတော့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းကိုက ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့ NCA ကို အကောင်အထည်ဖော်ကြတယ်။ NCA ကို ကျွန်တော်တို့ မဏ္ဍိုင်ထားပြီး ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျွန်တော်တို့ နိုင်ငံရဲ့ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးအတွက်၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ရမယ့် စာချုပ်ဖြစ်တယ်လို့ ကျွန်တော်တို့ လက်ခံပါတယ်။

ဒီနေ့ ဆွေးနွေးပွဲက NCA အကောင်အထည်ဖော်မှုကို လက်တွေ့ကျကျနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ အကောင်အထည်ဖော်မှု၊ ဆိုလိုတာက နိုင်ငံရေးအရ စစ်ရေးအရ ဆောင်ရွက်ရမဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒီကနေ ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ နှစ်ဖက်စလုံး ခေါင်းဆောင်တွေက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ တစ်ချို့ခေါင်းဆောင် တွေက မူလအစကတည်းက ပါလာခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အခက်အခဲတွေ ရှိပါတယ်။ သို့သော်လည်း တစ်ဖက်နဲ့ တစ်ဖက် ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ခဲ့လို့ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့နိုင်လို့ လည်း ဒီအဆင့်ရောက်ခဲ့ပါတယ်။ ဒီအဆင့်ထက် တစ်ဆင့်တက်ပြီး အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ အားလုံး တာဝန်ရှိကြပါတယ်။ ကျွန်တော်တို့ အမြင်တွေက တစ်ထပ်တည်း တူမှာမဟုတ်ဘူး။ ဒါပေမဲ့ အမြင်ကွဲပြားတဲ့အနေနဲ့ ကျွန်တော်တို့ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရှာနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးယူဆမှု သုံးသပ်မှုတွေဟာ ကွာရင်ကွာနိုင်ပေမဲ့ ဒီသုံးသပ်မှု ကွာဟမှုတွေကို ဘယ်လိုညှိနှိုင်းပြီးတော့ ကျွန်တော်တို့ သဘောတူညီမှု ရနိုင်မလဲ ဆိုတာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ တစ်ဆင့် ကျွန်တော်တို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့အတွက် ကျွန်တော်မျှော်လင့်ပါတယ်” ဟုပြောကြားသည်။

ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ်နေလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်များအဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ဗဟို အမြဲတမ်း ကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောဆဲလ်ဂေ၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောနေသဘလေး၊ စောပိုပိုထူးအောင်၊ စစ်ဦးစီးမှူး၊ ပထမတန်း စောတာမလာဘောတို့ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “ယနေ့ကျင်းပသော NRPC နှင့် KNU တို့၏ အလွတ်သဘော ညှိနှိုင်းအစည်းအဝေးသည် အဓိက အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ရှင်သန်ရန် တိုးတက်အောင်မြင်ဖို့အတွက် လိုအပ်သည့် ပြင်ဆင်မှုနှင့် အကြောင်းအရာတွေကို ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ညှိနှိုင်းရာတွင် မူလက မိမိတို့၏ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု၊ NCA အကောင်အထည်ဖော်မှုများတွင် မတူညီမှု၊ ကွာဟနေမှုများကို ညှိနှိုင်းခြင်းအားဖြင့် ရှေ့လျှောက်မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည် ဆိုသည့် အဖြေများရရှိသည်ဟု ပြောလို့ရပါကြောင်း၊ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများကို ရရှိခဲ့ကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ပိုမိုလက်တွေ့ကြပြီး NCA လမ်းကြောင်း အတိုင်း ဆက်လက်အကောင်အထည်ဖော်ဖို့ လိုအပ်သည့် သဘောထား စုစည်းမှုတွေရရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန် သွားသင့်၊ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြောင်း၊ ဒီကနေ့ ဆွေးနွေးမှုသည် တိုးတက်မှုများ ရှိကြောင်း၊ ရှေ့ဆက်သွားနိုင်မည့် လမ်းကြောင်းရှိပြီဖြစ်၍ အဆိုပါလမ်းကြောင်းပေါ်တွင် သက်ဆိုင်ရာ အစုအဖွဲ့များက ညှိနှိုင်းဆွေးနွေး၍ ပိုမိုကောင်းမွန် ပြည့်စုံသည့် လမ်းကြောင်းကို ဆက်လက်ကြိုးပမ်းသွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ NRPC ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်တွေ၊ တရားဝင်အစည်းအဝေးများ ပြည်လည်ပြုလုပ်နိုင်ဖို့ ဆိုတာကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယနေ့ ကျင်းပသော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်အမျိုး သားအစည်းအရုံး (KNU) တို့၏ တွေ့ဆုံ ဆွေးနွေးမှုများသည် အန်မတန် ခရီးရောက်ခဲ့ကြောင်း ပြောချင်ပါတယ်။ ထပ်မံဆွေးနွေးမဲ့ ညှိနှိုင်းအစည်းအဝေးများကို နှစ်ဖက်စလုံးက အမြန်ဆုံးဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါတယ်” ဟု နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

009

အစည်းအဝေးအပြီးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်