မဲခေါင်မြစ်ကြောင်းတစ်လျှောက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်တို့ဦးဆောင်ပြီး (၇၇) ကြိမ်မြောက် ပူးတွဲကင်းလှည့်မှု စတင်ခဲ့

မဲခေါင်မြစ်ကြောင်းတစ်လျှောက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်တို့ ဦးဆောင်ပြီး (၇၇) ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို ယမန်နေ့က စတင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ကင်းလှည့်မှုကို ယူနန်ပြည်နယ် စစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဂွမ်လီဆိပ်ကမ်းမှ စတင်မည်ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ပူးတွဲကင်းလှည့်မှုမှတစ်ဆင့် မိုင်ပေါင်း ၃၁ဝ ကျော်အထိ အကြမ်းဖက်တိုက်ဖျက်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ဖြစ်ပွားတတ်သည့် ရာဇဝတ်မှုချေမှုန်းရေးများကိုပါ ပူးတွဲလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယူနန်ဒေသလုံခြုံရေးနှင့် နယ်စပ်ကာကွယ် ရေးဗျူရိုက ပြောခဲ့သည်။

 

ပူးတွဲကင်းလှည့်မှုတွင် အကြမ်းဖက်ချေမှုန်းရေးဆိုင်ရာ လေ့ကျင့်မှုများ၊ ရဲများ၏ စွမ်းရည်မြှင့်တင်ရေး လေ့ကျင့်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

 

၂ဝ၁၁ အောက်တိုဘာ ၅ ရက်က ထိုင်းရေပြင်တွင် တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီး ကုန်တင်သင်္ဘော နှစ်စင်း ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း ၂ဝ၁၁ ဒီဇင်ဘာမှစကာ မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှု စတင်ခဲ့ကြောင်း သိရသည်။ 

 

မဲခေါင်မြစ်သည် တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု လူသိများပြီး အဆိုပါ မြစ်ကြောင်းသည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာရာတွင် အရေးပါသော ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ 

 

အေအက်ဖ်ပီ