ကျောက်ဖြူမြို့တွင် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရခိုင်ရိုးရာလောင်း(လှေ)ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ 

ကျောက်ဖြူ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ရခိုင်ရိုးရာလောင်း(လှေ)ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၇ နာရီက ငလပွေ့ရပ်ကွက်ရှိ အဆိုပါဘုရားအနီး ငလပွေ့ချောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။ 

လောင်း(လှေ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောက်ဖြူမြို့နယ် သံဃာ့နာယက ဒုဥက္ကဋ္ဌ၊ ငလပွေ့ကျောင်းတိုက် ဆရာတော်မှ သြဝါဒစကားပြောကြားပြီး ငလပွေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင် လောင်း(လှေ)နှစ်စီးအား တာဝန်ရှိသူများမှ အမွှေးနံသာများဖြင့် ပက်ဖျန်းပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပပေးခဲ့သည်။ 

 “ကျွန်တော်တို့ ခုလို ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် (၂၅)ကြိမ်မြောက် ရှိနေပြီဖြစ်တယ်၊ ယခင်နှစ်ကတော့ ကိုဗစ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ဘူး၊ ကျွန်တော်တို့ရပ်ကွက်ရဲ့ ဘုရားပွဲမှာ မပါမဖြစ် အမြဲထည့်ဖြစ်တဲ့ပွဲတွေကတော့ ရခိုင်ရိုးရာလှေပြိုင်ပွဲ၊ ကျင်ပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲတွေကိုတော့ နှစ်တိုင်းထည့်ဖြစ်ပါတယ်၊ ဒီနှစ်မှာလည်း ဘောလုံးပြိုင်ပွဲတို့၊ ကွန်ပျူတာဂိမ်းပြိုင်ပွဲတို့၊ ဘဲဖမ်းပြိုင်ပွဲတို့၊ အထုတ်သတ်ပြိုင်ပွဲတို့ စတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ ညဇာတ်ပွဲတွေကိုပါ ထည့်သွင်းကျင်းပထားပါတယ်” ဟု ဘုရားပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ငလပွေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပြောသည်။

အဆိုပါလောင်း(လှေ)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၅ သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမဆုရရှိသည့်အသင်းအား ငါးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် အသင်းအား လေးသိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား သုံးသိန်းကျပ်နှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းအား နှစ်သိန်းကျပ်စီ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အလားတူ ယနေ့တွင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ချောတိုင်တက်ပွဲ၊ အထုတ်သတ်ပွဲ၊ လွန်ဆွဲပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ဘဲဖမ်းပွဲ စသည့် ပျော်ပွဲရွှင်ပွဲများအား ကျင်းပလျက်ရှိပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဇန်နဝါရီ ၁၈ ရက်၊ ပွဲနောက်ဆုံးနေ့တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း