ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲနှင့် ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက် 

ပဲခူး ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ ကြီးမှူး၍ ဇန်နဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ ဆရာတော်၊ သံဃာတော်အပါး (၃၀)မှ အလှည့်ကျရွတ်ဖတ် ပူဇော်လှူဒါန်းသွားမည်ဖြစ်ပြီး ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား၌ ပြည်မြို့တွင်း ဩဝါဒဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်များ၊ အမှုဆောင်အဖွဲ့ သီလရှင်ဆရာကြီးများ၊ ဘုန်းတော်ကြီး စာသင်တိုက်များနှင့် သီလရှင် စာသင်တိုက်များမှ သံဃာ/သီလရှင် စုစုပေါင်း (၁၇၃၀)ပါးတို့အား ကျပ်သိန်း (၁၅၀)တန်ဖိုးရှိ ဆေးနှင့် ဆေးဝါးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများအား သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး သင်တန်းသား/သူများ သင်တန်းကာလ ရက်(၈၀)အတွက် နံနက်စာ ကုန်ကျငွေ ကျပ်(၃၆၂၄၀၀၀)နှင့် ဆရာ/ဆရာမများအတွက် သီးခြားထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဗိုလ်ရွာရှိ MCM Co., မှ Gas Tarbine ဖြင့် လျှစ်စစ်ဓါတ်အား (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နေသည့်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ လက်ပံတောအုပ်စု၊ ငှက်ပစ်တောင်ကျေးရွာ၌ နေကြာသီးသန့် (၃)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးသွား တောင်သူများအား စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်  ကျေးရွာအတွက် လိုအပ်သော လျှပ်စစ်မီးလင်းရေးနှင့် ကွန်ကရစ်လမ်းတို့အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝက်ထီးကန်မြို့၊ မိန်းမရဲကျေးရွာရှိ ဆိုလာစနစ်ဖြင့် လယ်မြေများ ရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)