ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်

ရမ်းဗြဲ ဇန်နဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ (၄)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတစ်ရွာချင်းလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွာသင်္ဘောဆိပ်ကျေးရွာအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်နိုင်ဦးက ဆင်ဆီကျေးရွာအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးလွင်က ထောင့်ချိန်ကျေးရွာအား လည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက တောင်ရွာကျေးရွာအား လည်းကောင်း နိုင်ငံတော်မှထောက်ပံ့သော ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ကြသည်။  

ရမ်းဗြဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ(၄)ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ရွာသင်္ဘောဆိပ်ကျေးရွာ၊ ဆင်ဆီကျေးရွာ၊ တောင်ရွာကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း သုံးလမ်းနှင့် ထောင့်ချိန်ကျေးရွာတွင် ကျောက်စီရေတွင်းနှစ်တွင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ 

ထိုကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ ဦးဆောင်ကာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျေးရွာ (၁)ရွာစီအား နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)၊ ကျေးရွာ(၄)ရွာတွင် ကျေးရွာသူ၊ ကျေးရွာသားများမှ ပစ္စည်းအပါအဝင် လုပ်အားခတန်ဖိုး (၉၇၈၀၀၀၀)ကို ပံ့ပိုး၍ ကျေးရွာ(၄)ရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ငွေကျပ်(၄၉၇၈၀၀၀၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

တင်ထွန်း(ပြန်/ဆက်)