ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က  ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးအသား အဆင့် မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး အစီရင်ခံစာအရ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ အကြံပြုချက်များအပေါ် စဉ်ဆက်မပြတ်တိုးတက် ဆောင်ရွက်မှု အစီရင်ခံစာ (Follow Up Report) ကို အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering-APG) သို့ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်တွင် ပေးပို့လျက်ရှိပါကြောင်း၊ FATF ၏ တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်းလုပ်ငန်းစဉ်အရ အကောင်အထည် ဖော်ရမည့် အစီအမံ (Action Plan)၏ တိုးတက်မှု အစီရင်ခံစာ (Progress Report) ကို အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia-Pacific Joint Group-APJG) သို့ (၄)လ (၁)ကြိမ် ပေးပို့လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အစည်းအဝေးကျင်းပပြီး ညှိနှိုင်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

 

FATF က မိမိတို့ နိုင်ငံအပေါ် သတ်မှတ်ထားသည့် တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးဆောင်ရွက်ရန် အရေးကြီးပြီး တိုးတက်ဆောင်ရွက်မှုများကိုလည်း ပြသ နိုင်ခဲ့ပါကြောင်း၊ တရားမဝင်ရရှိထားသော ငွေကြေးနှင့်ပစ္စည်းများ နိုင်ငံတော်၏ငွေရေးကြေးရေး စနစ်အတွင်း ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ရန် ငွေကြေးခဝါချမှုနှင့်ဆက်စပ်သည့် ပြစ်မှုများနှင့်ပတ်သက်၍ စိစစ်စုံစမ်းမှုများပြုလုပ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း။

 

မိမိတို့ နိုင်ငံ၏ ငွေကြေးခဝါချမှုကျူးလွန်ပုံနည်းလမ်းများ (Typologies) မှာ အိမ်ခြံမြေ၊ မော်တော်ယာဉ်နှင့် အဖိုးတန်ပစ္စည်းများဝယ်ယူခြင်းသည် အများဆုံးဖြစ်ပြီး ငွေကြေးလဲလှယ်ခြင်း၊ ငွေသားပြောင်းလဲခြင်း၊   တရားဝင်နှင့် တရားမဝင်ငွေကြေးများကို ရောနှော၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း၊ အမည်ခံ၊ ဘဏ္ဍာထိန်းများ၊ မိသားစုဝင်များ သို့မဟုတ် တတိယအဖွဲ့အစည်းများ အသုံးပြုခြင်း၊ သဏ္ဍာန်ဆောင်ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများ အသုံးပြုခြင်း၊ ငွေဆက်သား၊ ငွေကြေးမှောင်ခိုခြင်း၊ အင်တာနက်လောင်းကစားပြုလုပ်ခြင်း၊ ကုန်သွယ်မှုအခြေပြုငွေကြေး ခဝါချခြင်းနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံရပ်ခြားစီးပွားရေး လုပ်ငန်းများ ပြုလုပ်ခြင်းစသည့် နည်းလမ်းများကိုအသုံးပြု၍ ကျူးလွန်ခြင်းများတွေ့ရှိရပါကြောင်း။

 

ထို့ကြောင့် ငွေကြေးခဝါချမှုကို တားဆီးကာကွယ်ရန်အတွက် သတင်းပို့အဖွဲ့အစည်းများအပေါ် ကြီးကြပ် ဆောင်ရွက်ခြင်းကို စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ FATF က သတ်မှတ်ထားသည့် Action Plan ပါအချက်များသည် သီးခြားအကြောင်းအရာများ မဟုတ်ဘဲ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) တွင်ပါရှိသော အချက်များသာဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင်ပါဝင်သည့် အချက်များကို  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အားဖြင့် FATF ၏ အကြံပြုချက်များကိုလည်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသည့့်ဌာနဆိုင်ရာ အဖွဲ့အစည်းများအားလုံးက အပြည့်အဝပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့တာဝန်ယူထားသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)