မော်လိုက်မြို့၌ ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ပြန်လည်ဖွင့်လှစ်

မော်လိုက်   ဇန်နဝါရီ   ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြင့်တက်ချိန်တွင် ယာယီပိတ်ထား ခဲ့ရသည့် ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအား ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းမှ စတင်၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ စခန်းတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက စခန်းတာဝန်ခံများနှင့် တွေ့ဆုံကာ ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ပြန်လည်ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဆင်များအား ရေချပေးနေခြင်းများကို ကြည့်ရှုပြီး ဆင်များအတွက် အစားအစာများ ကျွေးမွေးကြသည်။

 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့သည် ပျားစွဲ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ ဝန်ထမ်းများအတွက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် မော်လိုက်မြို့၏ အနောက်ဘက် မိုင်ခန့်အကွာ မော်လိုက်-ပြောင်ဘုတ်-စော်ဘွားရေရှင် ကားလမ်းဘေးတွင် တည်ရှိပြီး ပြည်တွင်း/ပြည်ပ ခရီးသွား ပြည်သူများအား ပြသသည့် ပျားစွဲဆင်စခန်းအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်ကြီး ခြောက်ကောင်၊ ဆင်ငယ် တစ်ကောင်ရှိပြီး လာရောက်ကြသည့် အများပြည်သူ များအား ဆင်ရေချိုးပေးနေမှု၊ လုပ်ငန်းခွင်ဝင်မှု ပုံစံတွေကို ပြသပေးကြောင်း၊ ဆင်များကို အစာကျွေးနိုင်ရေး အတွက်လည်း စီစဉ်ပေးထားကြောင်း၊ ဝန်ဆောင်ခအနေဖြင့် စခန်းဝင်ကြေး တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၊ ပြည်ပ နိုင်ငံခြားသား ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ သတ်မှတ်ထားပြီး စခန်းတွင်း ခရီးတိုဆင်စီးခ အနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၊ ပြည်ပနိုင်ငံခြားသား ခရီးသွားတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။

 

မော်လိုက်သားလေး