(၁၆) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၈

(၁၆) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၇ ရက်က ရုံးအမှတ် (၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပသည်။

အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ၊ ASMC၊ EU၊ IUCN၊ GIZ၊ GEC၊ CIFOR နှင့် IFAD  တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမှ ဆက်စပ်ဌာနများဖြစ်သော  သစ်တောဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr.Athapol Charoenshunsa   က တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဆန်းဦးက မြေပြင်နှင့်မီးလောင်ကျွမ်းမှုတို့၏ အကျိုးသက်ရောက်မှု တစ်ခု ဖြစ်သည့်  နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် သိသာထင်ရှားသည့် ဆိုးကျိုးတစ်ခုဖြစ်ကြောင်း၊ မဲခေါင်ဒေသခွဲနိုင်ငံ များအနေဖြင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ပြဿနာများကို ပူးပေါင်းအကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တောမီးလောင်ကျွမ်းခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းတို့ကို ကာကွယ် တားဆီးနိုင်ရန် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများအချင်းချင်း အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
 
ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialised Meteorological Center -ASMC) က မဲခေါင်ဒေသအတွင်းမီးခိုးမြူငွေ့ ဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သုံးသပ်တင်ပြ‌ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင် ဒေသခွဲနိုင်ငံများက ခြောက်သွေ့ရာသီတွင် မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် စီမံချက်များ ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်(2017 Chiang Rai Action Plan) ကို နိုင်ငံအဆင့် အကောင်အထည်ဖော်မှုများကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialised Meteorological Center -ASMC) က မိုးလေဝသနှင့် မီးခိုးမြူငွေ့အခြေအနေ သုံးသပ် ချက်များ၊ ထိုင်းနိုင်ငံက မီးလောင်ကျွမ်းမှုအရေအတွက် ၂၀ ရာခိုင်နှုန်း လျှော့ချရေး ပူးတွဲ အညွှန်းကိန်းများကို ထည့်သွင်းစဉ်းစားရန် ဆွေးနွေးခြင်း၊ မဲခေါင်ဒေသခွဲရှိ မီးခိုးမြူငွေ့ ဖြစ်ပွားခြင်းဆိုင်ရာ တယ်လီကွန့်ဖရန့် အစည်းအဝေးများမှ အကြံပြုချက်များ (၂၀၂၀-၂၀၂၁) ဆွေးနွေးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက မဲခေါင်ဒေသခွဲနိုင်ငံများတွင် မီးနှင့် မီးခိုးမြူငွေ့များ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တွေ့ကြုံခဲ့ရသည့်အခြေ အနေများ ဆွေးနွေးခြင်း၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုတို့ကို ဆောင်ရွက်ခဲ့သည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ် ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ၏ နောက်ဆုံးသုံးသပ်ချက် (၂၀၁၆-၂၀၂၀)၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)