မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်အပ်သော အခြေခံပညာ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ

မကွေး   ဒီဇင်ဘာ   ၈

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်အပ်သော အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက မကွေး ပညာ‌ရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

သင်တန်းဆင်း အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင့်လွင်က “အနာဂတ် မြန်မာနိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသည့် လူသားကောင်းများ ဖြစ်ပေါ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး သာမက ဘက်စုံ ဟန်ချက်ညီ ဖွံ့ဖြိုးရေးအတွက် သင်ကြားပို့ချစေလိုကြောင်း၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများ၏ အတုယူစရာ စံပြပုဂ္ဂိုလ်အဖြစ် ဆရာ ဆရာမ ကျင့်ဝတ်များနှင့်အညီ စေတနာ၊ ဝါသနာ၊ အနစ်အနာထား၍ သင်ကြားပေးစေလိုကြောင်း” စသည်ဖြင့် ပြောကြားသည်။

 

ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက သင်တန်းသား သင်တန်းသူများအား နှုတ်ဆက်အမှာစကား ပြောကြားပြီး အလယ်တန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ ဆရာမများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လည်းကောင်း၊ မူလတန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ ဆရာမများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လည်းကောင်း၊ အခြေခံ ဆရာ ဆရာမများ မွမ်းမံသင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များအား ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက လည်းကောင်း အသီးသီး ချီးမြှင့်ကြသည်။

 

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်အပ်သော အခြေခံပညာ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက်အလယ်တန်းပြ ဆရာ ဆရာမ ၃၁ ဦး၊ လက်ထောက်မူလတန်းပြ ဆရာ ဆရာမ ၂၁၀ စုစုပေါင်း ဆရာ ဆရာမ ၂၄၁ ဦးအား သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ