ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် စျေးသည်များ စနစ်တကျရောင်းချစေရေး ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

ချောင်းသာ ဒီဇင်ဘာ ၇

 

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပစေရန်၊ စျေးသည်များ စနစ်တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ဟိုတယ်ခရီးမှ တာဝန်ရှိသူများ၊ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများက ကမ်းခြေတွင် ဈေးရောင်းချနေကြသော ဈေးသည်များအား ဈေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေရေကစားနိုင်ရန်အတွက်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသော ကမ်းခြေဖြစ်စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချောင်းသာ (ပြန်/ဆက်)