ဦးဆောင်ဂိုး စတင်ခွင့်ပြုပေးခဲ့ရသော်လည်း လက်စတာစီးတီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် အက်စ်တွန်ဗီလာအသင်း အနိုင်ရရှိ

ပရီမီယာလိဂ်ပွဲစဉ်(၁၅)ရဲ့ ဒီဇင်ဘာ ၅ ရက်နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်တွန်ဗီလာ အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းဟာ လက်စတာစီးတီး အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ ပထမပိုင်းပွဲ ကစားချိန် ၁၄ မိနစ်မှာ ဘားနက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁၇ မိနစ်နဲ့ ၅၄ မိနစ်တို့မှာ အက်စ်တွန်ဗီလာ အသင်းကစားသမား ကွန်ဆာက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာ ကြောင့် အက်စ်တွန်ဗီလာအသင်းက လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းကလက်စတာ စီးတီးအသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ နည်းပြ စတီဗင်ဂျာရတ် စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ပရီမီယာလိဂ်ပွဲစဉ်လေးပွဲမှာ သုံးပွဲမြောက် အနိုင်ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းနဲ့ လက်စတာ စီးတီးအသင်းတို့ရဲ့ ယခုတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုဟာ စတီဗင်ဂျာရတ်အတွက် နည်းပြဟောင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်ပြီး စတီဗင်ဂျာရတ်ဟာ လီဗာပူးအသင်း ကစားသမားဘဝမှာ နည်းပြဘရန်ဒန်ရော့ဂျာ လက်အောက်မှာ ကစားခဲ့ဖူးတာဖြစ်ပါ တယ်။ ဒါကြောင့် အက်စ်တွန်ဗီလာအသင်းက လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ နည်းပြစတီဗင်ဂျာရတ်အနေနဲ့ နည်းပြဘဝရောက်လာချိန်မှာ နည်းပြဟောင်း ဘရန်ဒန်ရော့ဂျာကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၁၅) ကစားပြီးချိန်မှာ ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၁၀) နေရာမှာ ရပ်တည်ခွင့်ရရှိခဲ့ပြီး လက်စတာစီးတီးအသင်းကတော့ အက်စ်တွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၁၅)  ကစားပြီး ချိန်မှာ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်