ပြည်တွင်းစပျစ်သီး ရှားပါးချိန်ဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှ တင်သွင်းရောင်းချမှုများ ဖြစ်ပေါ်နေ

နိုဝင်ဘာ ၃၀

 


ပြည်တွင်း၌ စပျစ်သီးရှားပါးသည့် အချိန်ကာလဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှ တင်သွင်း ရောင်းချမှုများ ဖြစ်ပေါ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

 


"စပျစ်သီးက ဈေးကွက်ကောင်းတယ်။ သို့သော် အခုလိုအချိန်မျိုးဆိုရင် ပြည်တွင်းစပျစ်သီးတွေက လှိုင်လှိုင် မပေါ်သေးဘူးဆိုတော့ ကုန်သည်ပွဲစားတွေဆီမှာ တရုတ်ပြည်ဘက်ကဝင်တဲ့ စပျစ်သီးတွေပဲ အများဆုံး ရောင်းဝယ်နေကြတာ တွေ့ရတယ်။ စပျစ်သီးအစိတ်သား(၂၅ကျပ်သား) ကို လေးထောင်ကျပ်တို့ ဘာတို့အထိ ဈေးကောင်းရနေတယ်။ ပြည်တွင်းဖြစ် အသီးက ဒီအချိန်မှာ အသီးမစုံသေးဘူး။ ကျွန်တော့်ခြံဆို အခုမှ အပွင့်ပွင့်ရုံရှိသေးတာ။"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံရပ်ကွက်မှ စပျစ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဝင်းက ပြောသည်။

 

လက်ရှိဈေးကွက်အတွင်း RG-စပျစ်သီး အလုံးကြီးမျိုး ၂၅ ကျပ်သားလျှင် ငွေကျပ် ၄၀၀၀ မှ ၈၀၀၀  အထိ ဈေးကွက်ကောင်းမွန်နေကြောင်း သိရသည်။



"မြေဩဇာဈေး၊ ဆေးဖိုးတွေက နှစ်ဆနီးပါး မြင့်တက်သွားပေမယ့် စပျစ်သီးက ဈေးကွက် ကောင်းမွန် တော့ စိုက်ပျိုးနေကြတုန်းပါပဲ။ အရင်ကဆို ရမည်သင်းဘက်မှာပဲ အစိုက်များတယ်။ အခုဆို တစ်နိုင်ငံလုံး အနှံ့က စပျစ်စိုက်ပျိုးရေးကို စိတ်ဝင်စားလာတယ်။ စိုက်လို့ရတဲ့ ရေမြေဒေသတိုင်းမှာ စပျစ်သီးကို စိုက်ပျိုးလာကြမယ်ဆိုရင် ကိုယ့်ဒေသအနီးတစ်ဝိုက်မှာတင် ရောင်းချနိုင်လာမယ်။ တစ်နေရာနဲ့တစ်နေရာ သယ်ယူရတဲ့ လမ်းပန်းစရိတ်လည်း သက်သာသွားမယ်။ ဈေးကွက်လိုအပ်ချက်ကိုလည်း ဖြည့်တင်းနိုင်လာမယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့သည် ပြည်တွင်းစပျစ်သီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပြီး၊ ကြားကာလ အသီးရှားပါးချိန်များတွင် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှစပျစ်သီးများကို ကုန်သည်ပွဲစားကတဆင့် တင်သွင်းရောင်းချနေကြသည်။

 

နန်းထက်ထက်ချစ်