ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့ ဘားမဲတောင်သဘာဝဥယျာဉ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဘားအံ နိုဝင်ဘာ ၂၈

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa-Mal Botanical Gardens) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခန့်က အမှတ် (၄) ရပ်ကွက်ရှိ အဆိုပါသဘာဝဥယျာဉ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားမဲတောင် သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအ‌ရေအတွက် (၇၈) မျိုး၊ အပင်အရေအတွက် (၁၅၅၇) ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈) ခုဖြင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရ နေရာတစ်ခုအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပင်များ၏ သွင်ပြင်လက္ခဏာကို ရှုချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်း သာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားဖို့လိုကြောင်း၊ အစဉ်အမြဲပြုစု ထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ်စရာ နေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားမဲတောင် သဘာဝဥယျာဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ဘားမဲတောင် သဘာဝဥယျာဉ်အား လမ်းလျှောက်ကြည့်ရှုကြသည်။

 

mdn

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားမဲတောင်သဘာဝဥယျာဉ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တိုင်းရင်းသားဖျော်ဖြေရေး အဖွဲ့များအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်၍ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

ဘားမဲတောင်သဘာဝဥယျာဉ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆ ဒသမ ၅၁) သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက မြေချိန်ဧရိယာ (၁၇) ဧကခန့် ကျယ်ဝန်းသည့် ဘားမဲတောင် သဘာဝဥယျာဉ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ သဘာဝပေါက်ပင်များ၊ ဒေသထွက်ကုန် အမှတ်တရ ပစ္စည်းအရောင်းဆိုင်နှင့် ရိုးရာစားသောက်ဆိုင်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ နံနက် ၁၀ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့ တံတားကျိုးစစ်ဆေးရေးစခန်း ဖွင့်လှစ်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တရားမဝင် ကုန်စည်များကို ထိထိရောက်ရောက် စစ်ဆေးနိုင်ခြင်း မရှိခဲ့သည့်အတွက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေဖြင့် တံတားကျိုး စစ်ဆေးရေးဂိတ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှ စုစုပေါင်းဝန်ထမ်းအင်အား ၆၅ ဦးခန့်ကို တာဝန်ပေးအပ်ပြီး တရားမဝင် ကုန်ပစ္စည်းများအပြင် တရားမဝင် မော်တော်ယာဉ်များ၊ တရားမဝင်လက်နက်ခဲယမ်း၊ ဖောက်ခွဲရေး ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ တရားမဝင် လူဝင်ရောက်မှုများကိုလည်း ဖမ်းဆီးစစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန်ကို တိတိကျကျ ထမ်းဆောင်ကြဖို့ လိုမည်ဖြစ်ကြောင်း၊ တာဝန်ချထားပေးမည့် ဝန်ထမ်းများကို သက်ဆိုင်ရာ ဌာနအကြီးအကဲများက စနစ်တကျ ရွေးချယ်တာဝန်ပေးကြဖို့ လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ အခက်အခဲရှိပါက တင်ပြပေးကြစေလိုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကော့ကရိတ်မြို့ တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဌာနအလိုက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)