ယူအေအီး၌ လူဦးရေရာနှုန်းပြည့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ်

အာဘူဒါဘီ နိုဝင်ဘာ ၂၈

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံ၌ လူဦးရေရာနှုန်းပြည့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း ယူအေအီးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

တောင်အာဖရိကနိုင်ငံ၌ တွေ့ရှိခဲ့သည့် Omicron ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း၌ စိုးရိမ်မှုများ ပြန့်ပွားနေစဉ် ယူအေအီးကျန်းမာရေးဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ အသစ်တွေ့ရှိသည့် Omicron ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိကူးစက်ပျံ့နှံ့နေသော ကူးစက်မြန် ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထက် ပို၍ ကူးစက်မှုမြန်ဆန်သည့်အတွက် ယူအေအီးနိုင်ငံအပါအဝင် နိုင်ငံအများအပြားသည် တောင်အာဖရိကမှလာသော ခရီးသွားများကို တင်းကျပ်ထားကြောင်း သိရသည်။

ယူအေအီးကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယူအေအီးနိုင်ငံ၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေစုစုပေါင်း ၂၁၈၀၂၀၃၂ လုံးသုံးစွဲခဲ့ပြီးဖြစ်ပြီး လူဦးရေရာနှုန်းပြည့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အလားတူ ယူအေအီးနိုင်ငံ၌ လူဦးရေ၏ ၉၀ ဒသမ ၁၈ ရာခိုင်နှုန်းခန့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယူအေအီးနိုင်ငံ၌ လူဦးရေ ၁၀ သန်းခန့်ရှိပြီး ယင်းတို့အနက်အများစုမှာ အခြားနိုင်ငံများမှ လာရောက်အခြေချနေထိုင်သူများ ဖြစ်သည်။ လက်ရှိအချိန်အထိ ယူအေအီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၄၁၀၀၀ ကျော်ရှိပြီး ယင်းတို့ အနက် ၂၁၄၅ ဦးသည် ထိုရောဂါဖြင့်သေဆုံးခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ