ကာကွယ်ဆေးဝေမျှမှုကို လျင်လျင်မြန်မြန်ပြုလုပ်ရန်အတွက် သမ္မတဂျိုဘိုင်ဒင် တောင်းဆို

ဝါရှင်တန် နိုဝင်ဘာ ၂၈

အမေရိကန် သမ္မတဂျိုးဘိုင်ဒင် သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက တောင်အာဖရိက၌ အိုမီခရွန်ဟု အမည်ပေးထားသည့် ကိုဗစ်-၁၉ မျိုးကွဲအသစ် တွေ့ရှိကြောင်း ကြေညာပြီးနောက် ယခုလိုတောင်းဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

မျိုးကွဲအသစ်နှင့်ပတ်သက်၍ သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားရာ၌ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုများ ရှိသော်လည်း ကပ်ရောဂါ ဘာကြောင့် အဆုံးမသတ်နိုင်သည်ကို သိရှိသင့်ပြီဖြစ်ကြောင်း ပြောသည်။

ယခုတွေ့ရှိရသည့် မျိုးကွဲအသစ်သည် ကူးစက်မှုအလွန် လျင်မြန်မည်ဖြစ်ကြောင်း အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအကြံပေးဖြစ်သူ အန်သိုနီဖောင်ချီက ပြောသည်။

ကိုဗစ်-၁၉ မျိုးကွဲအသစ် ကူးစက်မှုကို တားဆီးနိုင်ရေးအတွက် နိုင်ငံအများအပြားသည် ၎င်းတို့၏ နယ်စပ်ထိန်းချုပ်မှုများကို လုပ်ကိုင်နေပြီဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည်လည်း အာဖရိက တောင်ပိုင်းနိုင်ငံ ရှစ်နိုင်ငံကို ခရီးသွားလာမှု ကန့်သတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အင်န်အိတ်ချ်ကေ