မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် ရှုံးနိမ့်

နိုဝင်ဘာ ၂၇

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီက တူရကီနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့မှာ ဆူဇူကီးပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီ အရှေ့တောင်အာရှအသင်းဖြစ်သော အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောင်ကောင်းမာန်၊ မောင်မောင်လွင်၊ ဆွမ်လမန်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ မောင်မောင်ဝင်း၊ ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဒေးဗစ်ဒန်း၊ ပြည့်ဖြိုးအောင် (ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းတွင် ကစားသမားများ ပြောင်းလဲကစားခဲ့သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားတိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့သဖြင့် ပထမပိုင်းမှာပင် သုံးဂိုးအထိ ပေးလိုက်ရကာ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်း တိုက်စစ်လမ်းကြောင်း ကို ထိန်းချုပ်ရာတွင် အမှားများခဲ့သဖြင့် အခွင့်အရေးများပေးခဲ့ရခြင်းဖြစ်သည်။မြန်မာအသင်းသည် ယခုပွဲကစားသွားသည့် ခြေစွမ်းအရ ဆူဇူကီးဖလား ပြိုင်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။ အင်ဒိုနီးရှားအသင်းအတွက် အနိုင်ဂိုးများကို ၅ မိနစ်တွင် ရစ်ကီ၊ ၁၁ မိနစ်တွင် အီရာဖန်၊ ၃၃ မိနစ်တွင် ဝီတန်၊ ၅၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အီဇာယာတို့က သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၇၃ မိနစ်တွင် လှိုင်းဘိုဘိုကန်တင်သည့် ပြစ်ဒဏ်ဘောကို အင်ဒိုနီးရှားကစားသမားတစ်ဦး ဖျက်ထုတ်ရာမှ ဂိုးထဲဝင်သွားခြင်း ဖြစ်သည်။

မြန်မာအသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲလေးပွဲကစားထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ မြန်မာအသင်းသည် တူရကီအပျော်တမ်းကလပ်များဖြစ်သည့် မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အန်တယ်လ်ရာဟယ်စပေါ်အသင်းကို ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီ လက်ရွေးစင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အရှေ့တောင်အာရှအသင်းဖြစ်သော အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို လေးဂိုး-တစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-PSS