မြိတ်မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အထွက်တိုး ဆော့ဝဲနည်းပညာနှင့် ရော်ဘာအစေးခြစ်နည်း  သင်တန်းပို့ချ

မြိတ် နိုဝင်ဘာ ၂၆

 

စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေသည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးဉီးစီးဌာနနှင့် Care Myanmar အဖွဲ့ တို့ပူးပေါင်းဖွင့်လှစ်သော စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အထွက်တိုး စိုက်ပျိုးရေးဆော့ဝဲနည်းပညာနှင့် ရော်ဘာအစေးခြစ်နည်း ပညာပေးသင်တန်းကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ရန်ကုန်မြို့မှ Care Myanmar အဖွဲ့မှ ဉီးဇင်ကိုလတ်(Rabber Tapping Trainer) နှင့် ဒေါ်ခင်သူဇာလှိုင်(စိုက်ပျိုးရေးပညာရှင်)နှင့် ဒေါ်မြတ်စန္ဒာ(စိုက်ပျိုးရေးပညာရှင်)တို့က မြိတ်မြို့နယ်အတွင်းရှိ တုံဗျော၊ မဇော၊ ပသောင်း၊ အင်္ဂမော်၊ စန္ဒဝတ်၊ သဘွတ်၊ ပင်းအို၊ တညက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာတို့မှ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်သူ ဒေသခံ တောင်သူ(၂၀)တို့အား ထွက်တိုး APP   အသုံးပြုနည်းနှင့် လွဲမှားနေသည့် ရော်ဘာအစေးခြစ် နည်းပညာများကို ပြုပြင်ပေးခြင်း၊ ရော်ဘာအစေးခြစ်နည်း၊ အခေါက်တည်ဆောက်ပုံ၊ အစေးပြားထုတ်လုပ်ခြင်း၊ စီးပွားရေးတွက်ခြေကိုက်ပြီး ဝင်ငွေကောင်းကောင်းရရှိအောင် ပြုပြင်ထုတ်လုပ်ခြင်းနှင့်အခြားသီးနှံများ စိုက်ပျိုးနည်း၊ ခူးဆွတ်နည်းပညာအကြောင်းများကို(၃)နာရီကြာ လက်တွေ့အသိပညာပေးဆွေး နွေးပို့ချပေးခဲ့သည်။

 

" ကျွန်တော်အဖွဲ့က ဒေသခံ ရော်ဘာစိုက်တောင် သူတွေ့မှာ လွဲမှားနေတဲ့ ရော်ဘာအစေးခြစ်နည်းများ ဖြစ်ပေါ်မှုပပျောက်စေရေးအတွက် ထွက်တိုး APP ကနေခေတ်မီ နည်းပညာများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်အောင်ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်" ဟုရန်ကုန်မြို့မှ Care Myanmar အဖွဲ့မှဉီးဇင်ကိုလတ် (Rabber Tapping Trainer)က ပြောသည်။

 

မြင့်ဦး(မြိတ်)