ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်   နိုဝင်ဘာ   ၂၆

အာဆီယံဘောလုံးအဖွဲ့ချုပ်သည်လာမည့်နှစ်မေလတွင် ပြန်လည်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို တတိယအကြိမ်ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအကြို ကျင်းပခြင်းဖြစ်သောကြောင့် အရှေ့တောင်အာရှ အသင်းအားလုံး ယှဉ်ပြိုင်ဖွယ်ရှိနေပြီး ဆီးဂိမ်းပြိုင်ပွဲကို မေလတွင်  ကျင်းပရန် စီစဉ်ထားသဖြင့် နှစ်လကျော်အလိုတွင် ပြုလုပ်ခြင်းဖြစ်သည်။ အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ၂၀၀၅ ခုနှစ်က ပထမအကြိမ်ကျင်းပသည့်ပြိုင်ပွဲတွင် ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ အဖြစ် ပြောင်းလဲထားသောကြောင့် ၂၀၁၉ ခုနှစ်က ဒုတိယ အကြိမ် ကျင်းပရာတွင် ယူ-၂၂ ပြိုင်ပွဲအဖြစ်ပြောင်းလဲခဲ့သည်။ ၂၀၀၅ ခုနှစ်က ကျင်းပသည့် ပထမ အကြိမ်တွင် ထိုင်းအသင်း ဗိုလ်စွဲခဲ့ပြီး ၂၀၁၉ ခုနှစ်က ကျင်းပသည့် ဒုတိယအကြိမ်တွင် အင်ဒိုနီးရှား အသင်းက ဗိုလ်စွဲထားသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို နှစ်ကြိမ်ဆက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ပထမအကြိမ်၌ တတိယဆုရခဲ့ပြီး ဒုတိယအကြိမ်တွင် အုပ်စု အဆင့်မှ ထွက်ခဲ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် နှစ်စဉ်ကျင်းပနေသည့် ပြိုင်ပွဲများကို ၂၀၂၀ ခုနှစ်တွင် အားလုံးဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲသာ ကျင်းပ ရသေးကာ ဆူဇူကီးဖလားပြိုင်ပွဲကို နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ လာမည့်နှစ်တွင် ပြိုင်ပွဲများ အားလုံး ပုံမှန်အတိုင်း ကျင်းပနိုင်ရန် စီစဉ်နေပြီး အာဆီယံ ယူ-၂၀ ပြိုင်ပွဲမှာ ပထမဆုံးပြုလုပ်မည့် ပြိုင်ပွဲလည်း ဖြစ်သည်။

ရဲရင့်လွင်