နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်   နိုဝင်ဘာ   ၂၅

 

ကျေးလက်နေအိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို တိုးမြှင့်ပေးနိုင်ရေးနှင့် မျှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ်လျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ဒေသများရှိ ကျေးလက်နေ အိမ်ထောင်စုများအကြား ထိရောက်သည့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုပေါ်အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ကျေးလက်နေ အိမ်ထောင်စုများ၏ ဝင်ငွေတိုးမြှင့်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ဦးတည်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် အထူးအလေးထား ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းမှာ မျှစ်ဈေးကွက်ဆိုင်ရာ လေ့လာမှုကို ဆောင်ရွက်မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများ ဈေးကွက်ရရှိရေး အထောက်အကူ ပြုပေးခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိနိုင်မှာ ဖြစ်ကြောင်း၊ ဝါးစိုက်ပျိုးခြင်းနှင့် မျှစ်ထုတ်လုပ်ခြင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး စီမံကိန်းလုပ်ငန်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယခု စီမံကိန်း၏ မျှော်မှန်းရလဒ်အနေဖြင့် ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှု တိုးမြှင့်ပေးနိုင်ရေး၊ မျှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက် လာရေးတို့ ဖြစ်ကြောင်း၊ စီမံကိန်း (၂)နှစ်တာ ကာလအတွင်း မျှစ်စိုက်ပျိုးထုတ်လုပ်သူ ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုဘဝနှင့် ဈေးကွက် အခွင့်အလမ်းများ လေ့လာခြင်း၊ မျှစ်စိုက်ပျိုးထုတ်လုပ်သူအဖွဲ့များ ဖွဲ့စည်းခြင်း၊ နေပြည်တော်အတွင်း သရုပ်ပြစိုက်ကွင်းများ ထူထောင်ခြင်းနှင့် မျှစ်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရာတွင် မိမိတို့ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများပူးပေါင်း၍ မဲခေါင်-လန်ချန်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက Key Note Presentation ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးက စီမံကိန်းမိတ်ဆက်ခြင်းအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ဝါးအဆင့်မြင့် ကုန်ချောထုတ်လုပ်ခြင်း၊ မျှစ်ထုတ်လုပ်ရေးအတွက် ဝါးစိုက်ခင်း တည်ထောင်ခြင်း၊ တန်ဖိုးမြှင့် မျှစ်ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ထုပ်ပိုးခြင်းဆိုင်ရာများ၊ ဝါးပျိုးခြံနှင့် ဝါးစိုက်ခင်း စီမံခန့်ခွဲမှု၊ အရည်အသွေးမြှင့် မျှစ်ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပဈေးကွက်၊ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စသည့်ကဏ္ဍများကို  အုပ်စုလိုက်ဆွေးနွေးခြင်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)