မုဒုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တာဆီးစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၃) နေရာ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆေးထိုးစုရပ်အသီးသီးတို့၌ ဦးစားပေးသတ်မှတ် အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်နေ့အထိ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ စုစုပေါင်း (၁၈၄၆၈) ဦးကို ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)