ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ဖာဆောင်း အောက်တိုဘာ ၂၀

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၁၉ ရက်က အဆိုပါရုံး၌ ဖားဆောင်းမြို့နယ်တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်ရှိ  ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးနှင့် လဲလှယ်ခြင်းများနှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ‘’ပန်းခင်းစီမံချက်’’အသိပညာပေး လက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။

နန်းသဲနုအောင် (ဖားဆောင်း)