ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ၌ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်သင်ကြားပို့ချနိုင်ခဲ့

ငဖဲ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ၌ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှု သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချနိုင်ခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်ထံ သိရသည်။

အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှု သင်တန်းကို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်စေ ရန်၊ ရေအလေအလွင့် ဆုံးရှုံးမှုကို လျှော့နိုင်စေရန်နှင့် ရေအရင်းအမြစ်များ ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးလက်ရေရရှိရေး၊ မီးရရှိရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများကို ဦးစားပေးကာ ယခုအချိန်အထိ ကျေးရွာ ၁၃ ရွာတွင်ဖွင်လှစ် ပေးပြီးဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခဲ့သည့် ရပ်မိရပ်ဖများ၊ ကျေးရွာခေါင်းဆောင် ကိုယ်စားလှယ်များအား အသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများ၊ ဗီနိုင်းများပေးအပ်ခြင်းနှင့် ကျေးရွာအချက်အလက်များကောက်ယူရာတွင် စနစ်တကျ ဖြစ်စေရေးအတွက်လည်း စီမံကိန်းဆိုင်ရာ အချက်အလက်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်က ပြောပြခဲ့သည်။

အဆိုပါသင်တန်းကို ငဖဲမြို့နယ်အတွင်း စက်တင်ဘာလ ပထမအပတ်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျေးရွာ ၁၃ ရွာမှ သင်တန်းသား ၇၂ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)