ခင်ဦးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၄)ခု ရာနှုန်းပြည့်ပြီးစီး

ခင်ဦး အောက်တိုဘာ  ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာ(၃)ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်နေမှုမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဦး ထံက သိရသည်။

 

ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဖွံ့ဖြိုးမှုအားနည်းသော ကျေးရွာများကို စိစစ်ရွေးချယ်၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေကျပ် သိန်း(၃၀၀) ထုတ်ချေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ခင်ဦးမြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာပေါင်း (၂၇)ရွာအထိ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာ (၄)ရွာအား ရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၃)ခု၊ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်း(၁)ခု တို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

 

ယခု ဘဏ္ဍာရေးနှစ်တွင်လည်း ခင်ဦးမြို့နယ် သက်သာပန်းတောင်းကျေးရွာတွင် ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲ နိုင်ရေးအတွက် မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ် (၁၂ ဒသမ ၁၃)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၆ ဒသမ ၀၇ သန်းဖြင့် ကျေးရွာတွင်း အရှည်ပေ ၆၃၃၅ ပေ ၄၀၀ ဗို့ ဓာတ်အားလိုင်း တပ်ဆင်ခြင်းလုပ်ငန်း၊ စီမံကိန်းအတိုးရငွေကျပ် (၇ ဒသမ ၂) သန်းဖြင့် ရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအားလည်းကောင်း၊  ဆူးတပ်ကျေးရွာတွင် စီမံကိန်း အတိုးရငွေကျပ်   (၉ ဒသမ ၇)သန်း၊ ပြည်သူထည့်ဝင်ငွေ (၁၇ ဒသမ ၃၅) သန်းဖြင့် အရှည် ၆၅၇၉ ပေ  ၄၀၀ ဗို့ ဓာတ်အားလိုင်း တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဝါးရုံကုန်းကျေးရွာတွင် စီမံကိန်း အတိုးရငွေကျပ် (၉ ဒသမ ၆)သန်း၊ ပြည်သူထည့်ဝင်ငွေ (၃၆ ဒသမ ၉၆) သန်းဖြင့် အရှည်ပေ ၉၄၅၆ ပေ ၄၀၀ ဗို့ ဓာတ်အားလိုင်း တပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးရွာများမှ မြစိမ်းရောင်စီမံကိန်းကြီးကြပ်မှုကော်မတီက  တာဝန်ယူ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၂၃ ရက်က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် လိုအပ်သည့် နည်းပညာများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီ၍ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အားလုံးကို စက်တင်ဘာလကုန်တွင်  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး ၏ ပြောကြားချက်အရ သိရသည်။ 

 

ယခုအခါ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍  ခင်ဦးမြို့နယ် သက်သာပန်းတောင်းကျေးရွာ၊ ဆူးတပ်ကျေးရွာနှင့် ဝါးရုံကုန်းကျေးရွာတို့ရှိ စုစုပေါင်း အိမ်ထောင်စု ၅၉၁ စုမှ လူဦးရေ ၂၅၇၄ ဦးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။   

 

ရဲဝင်းနိုင်