မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းများဆောင်ရွက်

မိုးညှင်း အောက်တိုဘာ ၁၈

 

မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (ခြောက်လ)ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အင်းကုန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သဘောသဘာဝ၊ ရည်ရွယ်ချက်၊ မူဝါဒနှင့် လိုက်နာရမည့် စည်းကမ်းချက် များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဒေသခံကျေးရွာပြည်သူများ၏ ဆန္ဒသဘောဖြင့် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များကို ရွေးချယ်ဖွဲ့စည်းအတည်ပြုပေးကာ ကော်မတီဝင်များ တာဝန်ယူရမည့်လုပ်ငန်း များနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ၎င်းက ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

 

မိုးညှင်းမြို့နယ်၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၁-၂၀၂၂ ခု၊ ခြောက်လဘဏ္ဍာနှစ်အထိ ယူနစ်ပေါင်း ၄၇ ယူနစ်၊ ကျေးရွာပေါင်း ၅၂ ရွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)