Global Summit on Sputnik V and Sputnik Light   ကာကွယ်ဆေးများနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားနှင့် ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများတွင် MSMEs လုပ်ငန်းများရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ 

 

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ ညပိုင်းက Global Summit on Sputnik V and Sputnik Light Russian Direct Investment  Fund Gamaleya National Center မော်စကိုမြို့၌  Virtual စနစ်ဖြင့် ပြုလုပ်သည့် Sputnik-V နှင့် Sputnik Light ၏ ကိုဗစ်-၁၉ ရောဂါအပေါ် ထိရောက်စွာ ကာကွယ်ပေးနိုင်မှု နှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် သည်။

 

အစည်းအဝေးတွင် Russian Direct Investment Fund, CEO Mr. Kirill Dmifriev က ရုရှားဖတ်ရေးရှင်းနိုင်ငံမှ ထုတ်လုပ်သော Sputnik V and Sputnik  Light ကာကွယ် ဆေးများ၏ အာနိသင်ထက်မြက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာတွေ့ရှိ ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံအသီးသီးမှ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြ သည်။ 

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများတွင် MSMEs လုပ်ငန်းများ ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်အမှာစကားပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တာဝန်ခံဝန်ကြီး ဌာနအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် တီထွင်ဆန်းသစ်မှုရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ ဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသော စီးပွားရေး ဝန်းကျင်ကောင်းများရရှိရေးတို့ကို ကူညီထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် လက်တွေ့လုပ်ငန်း နယ်ပယ်၌ တွေ့ကြုံနေရသည့် အခက်အခဲများကို အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာများနှင့် ချိတ်ဆက်ပြီး ဖြေရှင်းဆောင်ရွက်နိုင် ရန်နှင့်  လက်တွေ့ဆန်ပြီး အောင်မြင်သော အစပျိုးဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ များချမှတ်ရေး၊ မဟာဗျူဟာများချမှတ်ရာတွင် ရေးဆွဲထားရှိသည့် CERP, MERP တို့နှင့် ချိတ်ဆက်ဆောင်ရွက် ရေးနှင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဉက္ကဋ္ဌက MSME များကြုံတွေ့နေရသည့် အခက်အခဲများကိုလည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်မှုများနှင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကိုလည်းကောင်း၊ SME စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူ ပညာရှင်များက လုပ်ငန်းရှင်များတွေ့ကြုံနေရသည့် လက်ရှိအခြေအနေများနှင့် ပြုပြင်ဆောင်ရွက် သင့်သည့်အချက်များကို လည်းကောင်း၊ “စုပေါင်းဆောင်ရွက်ခြင်းဖြင့် အများပူးပေါင်းပါဝင်မှုများနှင့် အကျုံးဝင်သော စီးပွားရေးပုံစံမှသည် အောင်မြင်သော လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်မှုများ” နှင့် ပတ်သက်၍လည်းကောင်း၊ “မြန်မာ့ရေလုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် တွေ့ကြုံနေရ သည့် လက်ရှိအခြေအနေများနှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက်များ”ကို လည်းကောင်း၊ “MSME လုပ်ငန်းရှင် များနှင့် အကြီးစားလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ” ကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ယင်းနောက်The Center for Economic and Social Development,  Director ဒေါက်တာဇော်ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းတို့က MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာပညာရှင်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် သုံးသပ်အကြံပြု ဆွေးနွေးကြသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)