ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TICA)မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဆိုင်ရာ ဆေးပစ္စည်း ကိရိယာများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TICA) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဆိုင်ရာ RT-PCR စက်(၂)စုံ၊ ဓာတ်ခွဲခန်းသုံး ဆေးရည်များနှင့် Negative Pressure Isolation Room (5) rooms  နှင့် Positive Pressure Isolation Chamber – Swab Units (10) units တို့အား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့တွင် ကျင်းပသည်။

 

လှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး (Royal Thai Embassy of Myanmar) မှ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak ၊ အမြဲတမ်းအတွင်းဝန် Ms. Chana Sindhvananda နှင့် ပထမအတွင်းဝန် Mr. Wuthikiat Chaicharna တို့ တက်ရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ပါမောက္ခချုပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာကျော်ရွှေ၊ ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ ဒေါက်တာသီတာလှ၊ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အယ်ထူးဖေနှင့် ဒေါက်တာ ဆွေဆက်၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးမှ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(TICA)မှ ယခုကဲ့သို့ ကူညီပံ့ပိုးမှုများအပြင် အောက်ဆီဂျင်အရည်များ ထောက်ပံ့ ပေးနိုင်မှု၊ ဆရာဝန်၊ သူနာပြုနှင့် ဓာတ်ခွဲပညာရှင်များ ထိုင်းနိုင်ငံ၌ ရက်တိုရက်ရှည် ဘာသာရပ်အလိုက် သင်တန်းပေးနိုင်မှုအခြေအနေများ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား နယ်စပ်ချင်းထိစပ်နေသည့် တနင်္သာရီတိုင်း ဒေသကြီးတလျှောက် ခုတင် (၅၀)မှ ခုတင်(၅၀၀)အထိ ပြည်သူ့ဆေးရုံကြီးများတွင် မီးစက် (Generators) များ ထောက်ပံ့ပေးနိုင်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဆက်လက်၍ ရန်ကုန်မြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာန (Central Medical Store Depot) ၌ (၃-၁၀-၂၀၂၁) ရက်နေ့တွင် ရောက်ရှိသိမ်းဆည်းထားသော Negative Pressure Isolation Room (5) rooms နှင့် Positive Pressure Isolation Chamber – Swab Units (10) units တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့မှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးထံသို့ ကျန်းမာရေး ဝန်ကြီးဌာန ကိုယ်စားဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)