ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၄

 

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ၊ မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၃)ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၅)ခုမှ ယာဉ်စီးရေ (၁၂) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၄) စီး (၇၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) အခု(၁၈၀၀)၊ Oxygen Plant (၅)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator)(၃)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၅၅)ခု၊ Test Kit အခု (၅၀၀၀)၊ လက်အိတ် (၃၃) တန်နှင့် နှာခေါင်းစည်း (Mask) (၃၃)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၄)စီးမှာ မူဆယ်မှ မန္တလေးမြို့သို့(၃)စီးနှင့် မြဝတီမှ ရန်ကုန်မြို့ သို့(၁)စီး ဖြစ်ပြီး Oxygen Plant (၅) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။

(သတင်းစဉ်)