တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

 

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန်  ကျောင်းများ ဉပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ ဘာသာရပ်ဆိုင်ရာ အရည်အသွေး တိုးတက်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ကြီးကြပ်ဖွင့်လှစ်ကြရမည် ဖြစ်ပါကြောင်း၊ ရာထူးတိုးဆရာ ဆရာမများကိုလည်း ရာထူးနှင့်လျော်ညီသည့် စီမံ၊ ဘဏ္ဍာဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်း စည်းမျည်း စည်းကမ်းကျင့်ဝတ်များနှင့် ဉပဒေလုပ်ထုံးလုပ်နည်းများဆိုင်ရာ မွမ်းမံသင်တန်းများကို နိုဝင်ဘာလအတွင်း မဖြစ်မနေ ဖွင့်လှစ်ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ သုတေသနလုပ်ငန်းများသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ သင်ထောက်ကူပစ္စည်း များကိုလည်းပြည့်စုံစွာ ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ အဆိုပါပစ္စည်းများဝယ်ယူ ဖြည့်ဆည်းပေးရာတွင် ကျောင်းအားလုံးမှ ဘာသာရပ်တူပါမောက္ခများ ညှိနှိုင်း၍ မှာကြားကြ စေလိုပါကြောင်း၊ Module အလိုက် မှာယူသည့် နိုင်ငံတော်ဘဏ္ဍာဖြင့် ဝယ်ယူထားသော ပစ္စည်းများရရှိသည့်အခါ  အကျိုးရှိ ထိရောက်အောင် အသုံးပြုကြစေလိုပါကြောင်း၊ ဌာနတိုင်းတွင် စက်ပစ္စည်းသုံးစွဲမှုမှတ်တမ်း ထားရှိကြရမည် ဖြစ်ပါကြောင်း။

 

တက္ကသိုလ်တိုင်းတွင် စာကြည့် တိုက်များအဆင့်မြှင့်တင်ရန်၊ ဝန်ထမ်းအင်အား အပြည့်အဝခန့်ထားရန်၊ စာအုပ်စာတမ်းများပြည့်စုံအောင် များများဝယ်ယူဖြည့်တင်းရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်း၍ တက္ကသိုလ်ကျောင်းပရဝုဏ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်း စသောလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြပြီး ကျောင်းသားလူငယ်များ၏ စံနမူနာပြ ပဲ့ကိုင်ရှင်များ ဖြစ်ကြသည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းရန် ထပ်ဆင့်မှာကြားပေးကြစေလိုပါကြောင်း၊ ပညာရေးတိုးတက်မှ နိုင်ငံတိုးတက် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည် ဖြစ်ရာ ဆရာဆရာမများအနေဖြင့် စေတနာအရင်းခံ၍ ပညာရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များအဆင့်မြှင့်တင်ရေး Master Plan ကိုဆွေးနွေးသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က တက္ကသိုလ်၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာရမည့် မူဝါဒ ညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)