ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်ပါကြောင်း၊ သို့ရာတွင် အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ပိုးတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရှိသူ အရေအတွက် များပြားလျက်ရှိနေသည့်အတွက် တစ်နိုင်ငံလုံးတွင် ပိုးတွေ့ရှိမှုနှုန်းအနေဖြင့် (၇ ဒသမ ၈) ရာခိုင်နှုန်းမှ (၇ ဒသမ ၉) ရာခိုင်နှုန်းခန့်တွင် တန်းလျက်ရှိနေပါကြောင်း။

 

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် ပိုးတွေ့လူနာနှင့်ပိုးတွေ့ရှိမှုနှုန်း များပြားလျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရောဂါဖြစ်ပွားမှုအခြေအနေများကို ဒေသအလိုက် ဆန်းစစ်သုံးသပ်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဗဟိုမှပံ့ပိုးပေးနိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း။

 

ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ပေါက်များရှိရာ တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေး အမြန်ဆုံးပြန်လည်စတင်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် ကာကွယ်ဆေး တစ်သန်း doses  ခန့်ကိုလည်း စတင်ထိုးနှံလျက်ရှိပါကြောင်း၊ အလားတူ အခြားနယ်စပ်ဒေသများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းမွန် စေရေးအတွက် နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်း။

 

ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်ဆေးထိုးနှံခြင်းကို ကျေးရွာများ အထိရောက်ရှိစေရေး အထူးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ‌ ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်သည့်လုပ်ငန်းစဉ်အလိုက် ပြန်လည် သုံးသပ်၍ လိုအပ်သလိုအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါပိုးတွေ့ရှိမှုများနှင့် ထိတွေ့ခဲ့သူများအားရှာဖွေ၍ သီးသန့်ခွဲခြားနေထိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးသည့် လုပ်ငန်းများစသည့် လုပ်ငန်းများ၏အားနည်းချက်များကို ရှာဖွေဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

နယ်စပ်ဒေသဝင်ထွက်ဂိတ်များတွင် ရောဂါပိုးအတည်ပြုလူနာ တွေ့ရှိမှုများမှ ဓာတ်ခွဲနမူနာများရယူ၍ ဆေးသု တေသနဦးစီးဌာနသို့ပေးပို့ပြီး ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲသော ရောဂါပိုးများဝင်ရောက်လာမှု အခြေအနေကို စစ်ဆေးရမည်ဖြစ်ပါကြောင်း။

 

မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် ပိုးတွေ့ရှိသူနှင့် ပိုးတွေ့ရှိ နှုန်းများပြားရာဒေသများတွင် ကူးစက်မှုရင်းမြစ်နှင့် ကူးစက်ရသောအကြောင်းအရင်းများကို ရှာဖွေကာ ၎င်းကို ဦးတည်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာ များနှင့်လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါထိန်းချုပ်ခြင်း၊ ထိတွေ့ လူနာများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများစသည့် ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ နိယာမနှင့် လုပ်ထုံးလုပ်နည်းများကို သေချာစွာ ရှင်းလင်းအသိပေးထားရမည် ဖြစ်ပြီး ၄င်းတို့အတိုင်း တိကျစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များအား ဖြေလျှော့ပေးခြင်း၊ ကုန်စည်ကူးသန်းရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

 

မိမိတို့ဒေသအလိုက် အဆင့်ဆင့် လုပ်ငန်းလိုအပ်ချက်များနှင့် တင်ပြချက်များကို သိရှိပြီး မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဗဟိုသို့ ဆက်လက်တင်ပြရမည်ဖြစ်ပြီး ဗဟိုမှလည်း အထူးအလေးထား၍ သက်ဆိုင်ရာ နှီးနွယ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)