ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးညီညီ  လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းနှင့် ရေလှောင်ကန်ကြီးများ စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်းတို့သည် ယမန်နေ့ နံနက်ပိုင်းက မှော်ဘီ မြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း လှိုင်မြစ်-လှော်ကား ရေအား ဖြည့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိပြီး စီမံကိန်းဧရိယာ အတွင်း စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံအတွက် ဘိုးပိုင်များ ဆောက်လုပ်ပြီးစီးမှုများကို ကြည့်ရှုသည်။ ယခုစီမံကိန်းပြီးစီးပါက လာမည့်နွေရာသီတွင် လှော်ကားရေလှောင်ကန်မှတစ်ဆင့် ရန်ကုန်မြို့အား သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဂျိုးဖြူရေစစ်ကန်တွင် ရေများဝင်ရောက်ပုံ အဆင့်ဆင့်နှင့် ရေသန့်စင်မှု၊ ရေကန်ကြီးများတွင် လက်ရှိရေအနက်ပေ၊ ရေသိုလှောင်မှုပမာဏ၊ ရန်ကုန်မြို့သို့ နေ့စဉ်ရေပေးဝေနေမှုများကို ရေလှောင်ကန် တာဝန်ခံများက ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေလှောင်ကန် ကြီးများတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းလိုင်းခန်းများ၊ မိသားစုကျန်းမာရေး အခြေအနေများ၊ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပြီးမှုတို့ကို ဆွေးနွေးမေးမြန်းပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်း (၁) ဦးလျှင် ဆန် (၆) ပြည်၊ ဆား (၁) ပိဿာ၊ ဆီ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ၊ အချိုမှုန့် (၁) ထုပ်၊ ကြက်ဥ (၁၀) လုံး၊ ပေါင်မုန့် (၁) ထုပ်၊ စုစုပေါင်း အမယ် (၇) မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)