ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရုရှားနိုင်ငံရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကုမ္ပဏီနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  အောက်တိုဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကုမ္ပဏီနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် TMK ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုမ္ပဏီက တည်ဆောက်ပြီးစီးခဲ့သော ကုန်းတွင်းရေနံပိုက် လိုင်းတည်ဆောက်မှုနည်းပညာများနှင့် လုပ်ငန်းအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုခဲ့ပြီး သိရှိလိုသည့်အချက်အလက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr. Sergey Kulagin ဦးဆောင်သော အဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ “ INSET ” အမှတ်တံဆိပ် အသေးစားနှင့်အလတ်စား ရေအားလျှပ်စစ်တာဘိုင်စက် များ၏ ထုတ်လုပ်တပ်ဆင်မှု ဆိုင်ရာကိစ္စ၊ စွမ်းဆောင်ရည်မြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်များ၏ စက်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် PSB ဘဏ်မှ တာဝန်ရှိသူများ၊ STG-E Engineering မှ CEO တို့နှင့်အတူ ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံမှုများနှင့် ရေနံတူးဖော်ထုတ်လုပ်ရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် LLC (DOLSPECEXPORT)မှ တာဝန်ရှိသူနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများဆိုင်ရာ ရင်းနှီး မြှုပ်နှံနိုင်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ် များကို တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်