ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါဆိုင်ရာအချက်အလက်များ ရှင်းလင်းပွဲကျင်းပ

မကွေး  အောက်တိုဘာ  ၁၃

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု မီနီဘတ်ဂျက်နှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဋ္ဌဖြစ်သူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကိုက မိမိတို့တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ဒါဆွဲဝယ် ဆောင်ရွက်မည့် ကုမ္ပဏီများအား ကြိုဆိုပါကြောင်း၊ တင်ဒါဆွဲဝယ်သည့် ကုမ္ပဏီများအနေဖြင့် တင်ဒါရရှိပါက လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအနေဖြင့်လည်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည် ညွှန်ကြားချက်အမှတ် (၇ /၂၀၂၀)နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ၂၀၂၁-၂၀၂၂ ခု မီနီဘတ်ဂျက်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြား ပါသည်။

ထို့နောက် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသော လုပ်ငန်းရှင်ကုမ္ပဏီများမှ တင်ဒါလျှောက်လွှာ တင်သွင်းခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားပါသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ခု မီနီဘတ်ဂျက်နှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တင်ဒါဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တင်ဒါကော်မတီဝင်များက တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်ကုမ္ပဏီများက Video Conferencing စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)