ဝီလ်ဒါကို အလဲထိုးပြီး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို တိုင်ဆန်ဗျူရီ ကာကွယ်

အောက်တိုဘာ ၁၁

တတိယ အကြိမ်မြောက်အဖြစ် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက လတ်ဗီးဂတ်စ်၌ ထိုးသတ်ကြသည့် တိုင်ဆန်ဗျူရီနှင့် ဒီယွန်တေဝီလ်ဒါတို့ ပွဲစဉ်တွင် ဖျူရီက ၁၁ ချီမြောက်၌ ဝီလ်ဒါကို အလဲထိုးဖြင့် အနိုင်ရရှိပြီး WBC ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ဖျူရီနှင့် ဝီလ်ဒါတို့သည် ယခု ပွဲစဉ်မတိုင်မီ ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် ထိုးသတ်ခဲ့ပြီး သရေကျခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ထိုးသတ်ခဲ့ကြပြီး ဖျူရီက ခုနစ်ချီမြောက်တွင် ဝီလ်ဒါကို အလဲထိုးဖြင့် အနိုင်ယူထားသည်။

ထို့ကြောင့် ဖျူရီနှင့် ဝီလ်ဒါ တို့၏ယခုအကြိမ်တတိယမြောက် ထိုးသတ်ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ကြိုးဝိုင်းအတွင်းမှာ နှစ်ဦးစလုံးလဲကျခဲ့သည်အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ တတိယအချီတွင် ဝီလ်ဒါလဲကျခဲ့သလို စတုတ္ထအချီတွင် ဝီလ်ဒါ၏ အားပါ ပြင်းထန်သည့် ညာလက်သီးချက်ကြောင့် ဖျူရီနှစ်ကြိမ်တိုင်တိုင် လဲကျခဲ့ကာ အမှတ်စဉ် ရေတွက်ခံခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းအချီများတွင် ဖျူရီကပွဲကို အကောင်းဆုံးထိန်းချုပ်သွား နိုင်ခဲ့ပြီး ဝီလ်ဒါကို ဖိအားပေး ထိုးသတ်နိုင်ခဲ့သည်။ ၁၁ ချီမြောက်တွင် ဖိအားပေးထိုးသတ်နိုင်ခဲ့သည့် ဖျူရီက ဝီလ်ဒါကို အလဲထိုး နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝီလ်ဒါသည် ယခုအကြိမ်တွေ့ဆုံသည့် တတိယအကြိမ်မြောက်တွင် ပြိုင်ဘက် ဖျူရီကို အနိုင်ယူထိုးသတ်နိုင်ခြင်းမရှိဘဲ ရှုံးပွဲနှင့် ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ဖျူရီသည် ဝီလ်ဒါကို အလဲထိုးအနိုင် ယူခဲ့သောကြောင့် ၎င်း၏ ကစားသမားဘဝ ၂ ပွဲမြောက် အလဲထိုးနိုင်သည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သလို ထိုးသတ်ခဲ့သည့် ၃၂ ပွဲတွင် ၃၁ ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရှုံးပွဲမရှိ မှတ်တမ်းတစ်ရပ်ကို လည်းပိုင်ဆိုင်ခဲ့သည်။

အောင်ဇော်