တိုက်စစ်မှူး စီရိုနယ်လ်ဒို ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၁၁၂ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့

အောက်တိုဘာ ၁၁

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အောက်တိုဘာ ၉ ရက်ညပိုင်းက ပေါ်တူဂီအသင်းနဲ့ ကာတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၁၁၂ ဂိုးအထိ စံချိန်တင် သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အမျိုးသားဘောလုံး လောကမှာ နိုင်ငံတကာ သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ရရှိထားပြီဖြစ်တဲ့အပြင် နိုင်ငံတကာသွင်းဂိုးစုစုပေါင်း ၁၀၉ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် အီရန်တိုက်စစ်မှူး အလီဒါအီရဲ့စံချိန်ကို ပြီးခဲ့တဲ့လက ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် စုစုပေါင်း ၁၈၁ ပွဲရှိခဲ့ပြီဖြစ်တာကြောင့် ဥရောပရဲ့ နိုင်ငံတကာပွဲစဉ် အများဆုံးပါဝင်ကစားထားတဲ့ စပိန်နောက်တန်းကစားသမား ဆာဂျီယိုရာမို့စ်ရဲ့ နိုင်ငံတကာပွဲစဉ် ပါဝင်ကစားမှုစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၁၉၅ ပွဲနဲ့ စံချိန်တင် ပါဝင်ကစားထားတဲ့ မလေးရှားတိုက်စစ်မှူး ဆိုချင်အန်းဟာ ၁၉၈၄ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တာ ဖြစ်တာကြောင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ဆိုချင်အန်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ရှိနေသေးတာဖြစ်ပါတယ်။ နည်းပြဖာနန်ဒိုဆန်းတို့ရဲ့ ပေါ်တူဂီအသင်းဟာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ကာတာအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၃၇ မိနစ် မှာ စီရိုနယ်လ်ဒို၊ ၄၈ မိနစ်မှာ ဖွန်တီနဲ့ မိနစ် ၉၀ မှာ အန်ဒရီဆေးလ်ဗားတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ငွေကြယ်