ဘိုကလေးမြို့နယ်တွင် အောက်စီဂျင်စက် မကြာခင် တပ်ဆင်နိုင်တော့မည်

ဘိုကလေး စက်တင်ဘာ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မတည်အလှူရှင်များ၊ အများပြည်သူစုပေါင်း လှူဒါန်းမှုများဖြင့် မြို့နယ်ခုတင်(၁၀၀) ပြည်သူ့ဆေးရုံအနီးတွင် အောက်စီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာ မကြာခင်အချိန်၌ အောက်စီဂျင်စက် တပ်ဆင်နိုင်တော့မည်ဖြစ်သည်။

           

၎င်းစက်ရုံတွင် တပ်ဆင်မည့် အောက်စီဂျင်စက်အား တရုတ်နိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး အောက်စီဂျင်စက်သည် စက်တင်ဘာ(၁၁)ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဘိုကလေးအောက်စီဂျင်စက်ရုံသည် စက်တင်ဘာ (၁၂)ရက်နေ့တွင် ကွန်ကရစ်ခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်ခံနိုင်ရည်အား ကောင်းစေရန်(၅)ရက်တာ အချိန်စောင့် သဖြင့် အောက်စီဂျင်စက်အား ရန်ကုန်မြို့တွင်သာ ထားရှိလျက်ရှိကြောင်း သိရသည်။

           

ကွန်ကရစ် ခံနိုင်ရည် အားကောင်းစေရေး ခင်းကျင်းသက်တမ်း(၅)ရက်ပြည့်ပါက ရန်ကုန်မြို့မှ အောက်စီဂျင်စက်အား ဘို့ကလေးမြို့နယ်သို့ သယ်ဆောင်၍ ချက်ခြင်း စက်တပ်ဆင်မည်ဖြစ်ရာ စက်တပ်ဆင်မည့်ရက်၌ လျှပ်စစ်ဓာတ်အားလိုင်းပါ အပြီးသတ် သွယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)