တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ကို ရောင်းချပေးလျက်ရှိ

တနင်္သာရီ စက်တင်ဘာ ၁၅

           

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်စေရန်အတွက် အခြေခံ စားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် စက်တင်ဘာ(၁၃)ရက်မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

           

အဆိုပါ အခြေခံစားသောက်ကုန်များကို တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကြက်သွန်နီ(၁)ပိဿာလျှင် ငွေကျပ် (၈၀၀)၊ ကြက်သွန်ဖြူ(၁) ပိဿာလျှင် ငွေကျပ် (၃၂၀၀)နှင့် အာလူး(၁)ပိဿာ ငွေကျပ်(၁၃၀၀)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်ထံက သိရှိရသည်။

 

အခြေခံစားသောက်ကုန်များ၏ ဒေသပေါက်ဈေးမှာ ကြက်သွန်နီ(၁)ပိဿာ(၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(၁)ပိဿာ(၅၀၀၀)ကျပ်နှင့် အာလူး(၁)ပိဿာ(၁၈၀၀)ကျပ်ရှိကြောင်း၊ မြို့နယ် သမဝါယမ ဦးစီးဌာနမှ ရောင်းချပေးသည့် အခြေခံစားသောက်ကုန်(၃)မျိုးမှာ လက်လီလက်ကား ဝယ်ယူနိုင်တဲ့အပြင် ဈေးနှုန်းချိုသာတဲ့အတွက် ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိကြောင်း လာရောက်ဝယ်ယူသူ ဒေါ်ဝင်းကြည်ထံမှ သိရသည်။

 

သီသီခိုင်(တနင်္သာရီ)