ပုသိမ်ကြီးမြို့နယ် ဂန္ဓမာကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်သွားမည်

ပုသိမ်ကြီး စက်တင်ဘာ ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဂန္ဓမာကျေးရွာရှိ လယ်ယာထွက်ကုန် များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ၂၀၂၁ -၂၀၂၂(၆လ) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းအား အဆင့်မြှင့်တင်ဖောက်လုပ်သွား မည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဂန္ဓမာကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၆ဖာလုံအကျယ်၊ ထု ၁၂ပေ ဗြုန်းကျောက် ၉လက်မ ခင်းခြင်းလုပ်ငန်းအား၂၀၂၁- ၂၀၂၂ (၆လ)ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇သန်းခန့်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကျေးရွာရှိ ကုန်ထုတ်လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၁၅၅ ၊ လူဦးရေ ၁၃၃၀ ဦးတို့၏ လယ်ယာမြေဧက ၁၇၀ ကျော်မှလယ်ယာထွက်ကုန်များသည် ပုသိမ်ကြီး၊ ကျောက်ဆည်၊ မန္တလေးမြို့ကြီးများရှိ စျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း ပုသိမ်ကြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး      ဦးစန်းယုလှိုင် ကပြောပြ၍ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေးအတွက် ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးစန်းယုလှိုင်နှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းဖောက်လုပ်မည့် မြေပြင်အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ငြိမ်းသူ