နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်

နမ္မတူ စက်တင်ဘာ ၁၅

 

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်ရည်ရွယ်၍ နမ္မတူမြို့နယ် ကြူဆော့(IDP)စခန်းရှိ တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ စခန်းအတွင်း၌သာ နေထိုင်ကြရန်၊ မိမိစခန်းသို့ ပြင်ပမှ လာသော ဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ် သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များအား လေဝင်လေထွက် ကောင်းစေရန်အတွက် ပြူတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပကပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကုသမှုခံယူရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေးဆော်ဩခဲ့သည်။

 

နမ္မတူမြို့နယ်တွင် ဇွန်(၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅၁၅ ဦး ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၄၁ ဦးရှိကာ၊ ၁၅ ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲ ပိုးတွေ့လူနာ ၁၅၉ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။         

လူမော် (ပြန်/ဆက်)