MNL ကလပ်အသင်းများ လာမည့်နှစ်မှစတင်ကာ အမျိုးသမီးကလပ်အသင်းများ ဖွဲ့စည်းရမည်

mdn

ရန်ကုန် စက်တင်ဘာ ၉

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ကလပ်လိုင်စင်သတ်မှတ်ချက်အရ မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ်အသင်းများသည် လာမည့်နှစ်မှစတင်ကာ အမျိုးသမီးကလပ်အသင်းများ ဖွဲ့စည်းရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသတွင်းမှ ပရော်ဖက်ရှင်နယ်ကလပ်အသင်းများအား ပရိုစံနှုန်းပြည့်မီစေရန် အမျိုးသမီးကလပ်အသင်းများ မဖြစ်မနေဖွဲ့စည်းရမည့် အချက်ကို ၂၀၂၁ ခုနှစ် ကလပ်လိုင်စင်ပြုလုပ်ရာတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများသည် လာမည့်နှစ်မှစတင်ကာ အမျိုးသမီးကလပ်အသင်းများ ဖွဲ့စည်းရမည်ဖြစ်ပြီး ၂၀၂၁ MNL အမှတ်ပေးပြိုင်ပွဲဝင်ခွင့်ရထားသည့် အသင်း ၁၀ သင်းအနက် နှစ်သင်းသာ အမျိုးသမီးအသင်းရှိပြီး ကျန်ရှစ်သင်းမှာ အသင်းများ ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် ကလပ်လိုင်စင်များပြုလုပ်ရာတွင် သတ်မှတ်ချက်အားလုံးပြည့်မီအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး အားလုံးပြည့်စုံမှသာ အာရှအဆင့်ကလပ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ ခုနှစ်တွင် အာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ပြိုင်ပွဲ စတင်ကျင်းပရန် စီစဉ်ထားသော်လည်း အာရှဒေသတွင်းမှ ကလပ်အသင်းအားလုံး အမျိုးသမီးကလပ်အသင်းများ ဖွဲ့စည်းစေခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်တွင် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများအနက် အမျိုးသမီးအသင်းများ ဖွဲ့စည်းရန် ကျန်ရှိနေသောအသင်းများမှာ လာမည့်နှစ်တွင် မဖြစ်မနေ ဖွဲ့စည်းရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီကုန်တွင် ရပ်နားထားရခြင်းဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲကိုလည်း ယခုနှစ်တွင် ကပ်ရောဂါအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပြီး လာမည့်နှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများသည် စီနီယာကလပ်အသင်းအပြင် လူငယ်အသင်းနှစ်သင်းလည်း ဖွဲ့စည်းထားရာ အမျိုးသမီးကလပ်အသင်းပါ ထပ်မံဖွဲ့စည်းရပါက ဝင်ငွေအလွန်နည်းပါးမှုကြောင့် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

သတင်း-ကိုညီလေး