ရန်ကုန်မြို့ပြ မြင်ကွင်းကို ဆန်းသစ်စေဦးမည့် အောင်ဆန်းအမျိုးသား စိမ်းလန်းဥယျာဉ် စီမံကိန်း

ရန်ကုန် မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်တဲ့အခါ အခက်အခဲမျိုးစုံရှိနေပေမယ့် မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့ စီမံကိန်းတွေထဲမှာ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းမှာ အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ်စီမံကိန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကိုတော့ လာမယ့် ၂ဝ၁၉ ခုနှစ်မှာ စတင်နိုင်မယ်လို့ ဆိုပါတယ်။

 

''အောင်ဆန်းအမျိုးသားစိမ်းလန်းဥယျာဉ် စီမံကိန်းကို ၂ဝ၁၉ ခုနှစ်အတွင်းမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ငန်းစတင်နိုင်ပါလိမ့်မယ်'' လို့ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောထား ပါတယ်။ ဒီစီမံကိန်းဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ထူးခြားတဲ့ဆောင်ရွက်မှု တစ်ရပ်လည်းဖြစ်ပြီး မြန်မာ-ဂျပန်အစိုးရချင်း ပူးပေါင်းအကောင်အထည်ဖော်မယ့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

 

တာမွေမြို့နယ်မှာရှိတဲ့ ကျိုက္ကဆံကွင်းအတွင်းမှာ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ အပိုင်း(၃) ပိုင်းနဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ပထမအပိုင်းမှာ အားကစားဆိုင်ရာ တက္ကသိုလ်တည်ဆောက်ခြင်း၊ ဒုတိယပိုင်းမှာ ပြည်သူ လူထု အနားယူနိုင်မယ့် စိမ်းလန်းဥယျာဉ် တည်ဆောက်ခြင်းနဲ့ တတိယပိုင်းမှာတော့ စီးပွားရေးဆိုင်ရာ လူနေအထပ်မြင့် နေအိမ် အဆောက်အအုံတွေ တည်ဆောက်ခြင်းတို့ ပါဝင်နေပါတယ်။

ဧရိယာအကျယ်အဝန်း ၁၄ဝ ဒသမ ဝ၄ ဧက ကျယ်ဝန်းတဲ့ ကျိုက္ကဆံကွင်းအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တာကြောင့် ရန်ကုန်မြို့ရဲ့ အကွက်အကွင်းကျတဲ့ ဧရိယာအတွင်းမှာ ပါဝင်နေပြီး လမ်းပန်းဆက်သွယ်ရေး လည်း ကောင်းမွန်တာမို့ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးကျေးဇူးရှိစေမယ့် စီမံကိန်းပဲဖြစ်ပါတယ်။

 

ဒီလိုအောင်ဆန်းအမျိုးသား စိမ်းလန်းဥယျာဉ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ဆောက်လုပ် ရေးလုပ်ငန်းတွေအတွက် ဧရိယာ ၆၆ ဒသမ ၅ဝ ဧက အသုံးပြုမှာဖြစ်ပြီး ပန်းခြံစီမံကိန်းအတွက် ဧရိယာ ၁၆ ဒသမ ၈၇ ဧက အသုံးပြုမှာဖြစ်ပါတယ်။ 

 

ဒါ့အပြင် လမ်းအတွက် ဧရိယာအပြင် အခြားအခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက်လည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။စီမံကိန်း လုပ်ငန်းတွေထဲမှာ အဆင့်မြင့်အိမ်ရာ၊ ရှောပင်း မော၊ မိုးလုံလေလုံအားကစားခန်းမ၊ အားကစား တက္ကသိုလ်နဲ့ အားကစားဆိုင်ရာ အဆောက်အအုံ တည်ဆောက်ခြင်းတွေလည်း ပါဝင်ပါတယ်။ အထူး သဖြင့် ပြည်သူတွေ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်မယ့် ပန်းခြံ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပေးနိုင်တဲ့ ပန်းခြံအဖြစ် ပေါ်ထွက်လာရင်တော့ ပြည်သူတွေအတွက် အကျိုး ရှိစေမယ့် ပန်းခြံအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့်လည်း ဒီစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်တဲ့အခါ အခြေခံအချက် တွေဖြစ်တဲ့ အများပြည်သူလွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအသုံးပြုနိုင်တဲ့ ယခုထက်သုံးဆခန့် များပြားတဲ့ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးထားရှိတဲ့ ပန်းခြံမျိုးဖြစ်ရမယ်လို့ ထည့်သွင်းသတ်မှတ် ထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ကျယ်ဝန်းပြီး သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ပန်းခြံတွေလိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ပန်းခြံတွေလည်း အဆင့်မြှင့် တင်မှုတွေ၊ လိုအပ်တဲ့ဖြည့်ဆည်းမှုတွေ ဆောင်ရွက် နေပေမယ့် ပိုမိုကောင်းမွန်ကျယ်ဝန်းတဲ့ ပန်းခြံတွေ လိုအပ်နေပါသေးတယ်။

 

ဒါ့အပြင် အခြေခံပြည်သူတွေ လက်လှမ်းမီ နိုင်တဲ့ အိမ်ရာအခန်းတွေ၊ ဓာတ်အားမလုံလောက် မှုအတွက် ဖြည့်ဆည်းပေမယ့် အစီအမံတွေ၊ ရေကြီးမှု၊ လမ်းပိတ်ဆို့မှုနဲ့ စီးပွားရေးဆိုင်ရာ အသုံးပြုနိုင်မယ့် အထပ်မြင့်နေအိမ် အဆောက် အအုံတွေ ပါဝင်နိုင်တဲ့ စီမံကိန်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်မြို့ရဲ့ အားကစား၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပညာရေးတို့ကို အထောက်အကူပြု ပေးနိုင်မယ့် အားကစားတက္ကသိုလ်ကိုလည်း တည် ဆောက်မှာဖြစ်တာမို့ အားကစားနဲ့ ပတ်သက်ပြီး အရေးပါတဲ့ နေရာတစ်နေရာလည်း ထွက်ပေါ် လာမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာ-ဂျပန် ချစ်ကြည်ရေးကိုလည်း ပိုမိုခိုင်မြဲစေမှာ ဖြစ်တဲ့ အပြင် ရန်ကုန်မြို့အတွက် စံပြစီမံကိန်းတစ်ခုအဖြစ် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

 

ကျိုက္ကဆံကွင်းအတွင်းမှာ အကောင်အထည် ဖော် တည်ဆောက်မယ့် အောင်ဆန်းအမျိုးသား စိမ်းလန်းဥယျာဉ်စီမံကိန်းဟာ အဆင့်မြင့်အိမ်ရာ၊ ရှော့ပင်းမော၊ မိုးလုံလေလုံအားကစားခန်းမ၊ အဆင့်မြင့်ဟိုတယ်၊ စိမ်းလန်းဥယျာဉ်စတဲ့ တည် ဆောက်မှုတွေနဲ့အတူ ရန်ကုန်မြို့ပြမြင်ကွင်းကို ပြောင်းလဲဆန်းသစ်စေဦးမှာ ဖြစ်ပါတယ်။ 

 

ဝေယံဦး