ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မနုဟာဘုရားကြီးသို့ လာရောက်ဖူးမြော်ကြသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရှိ

ညောင်ဦး ၃၁ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာရှိ သထုံပြည့်ရှင် မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ ဘုရားကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားကြောင်း မနုဟာဘုရားဂေါပက ဥက္ကဋ္ဌ ဦးအောင်သွင်ထံက သိရသည်။

ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီးကို ခရစ်နှစ်(၁၀၅၉)ခုနှစ်တွင် သုဝဏ္ဏဘုံမ္မိ သထုံပြည့်ရှင် မနုမင်းကြီးသည် မြင်းကပါသူဌေးထံ ၎င်း၏မနောမယ ကြောင်မျက်ရွဲလက်စွပ်ကို ရောင်းပြီး ငွေလှည်း(၆)စီးတိုက်ရရှိခဲ့ရာ ရရှိသည့်ငွေအသပြာဖြင့် တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂူဘုရားကြီးအတွင်း အရှေ့ဘက်မျက်နှာတွင် အမြင့် ၄၆ ပေရှိ ထိုင်တော်မူ ဆင်းတုတော်ကြီးတစ်ဆူနှင့် ဝဲ/ယာတွင် အမြင့် ၃၁ ပေ ၆ လက်မရှိ ဆင်းတုတော်နှစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး အနောက်ဘက် ဂန္ဓကုဋီတိုက်အတွင်းတွင် အလျား ၉၁ ပေ၊ ၆လက်မရှိ ပရိနိဗ္ဗာန်စံဝင်တော်မူဟန် လျောင်းတော်မူ ဆင်းတုတော်ကြီးတစ်ဆူလည်း တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားကြီးရှေ့တွင် ဆန် ၁၇ တင်းဆံ့၊ ချက်ပြီးဆွမ်းတင်း ၄၀ ဝင်ဆံ့သော သပိတ်ကြီးတစ်လုံးကို ဆင်းတုတော်ကြီးနှင့် လိုက်လျောညီထွေရှိစေရန် လှူဒါန်းထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ မနုဟာဘုရားကြီး ကျောက်စာပွားကိုယ် ဘုရားကြီးတောင်ဘက်အခြေတွင် လေ့လာတွေ့ရှိနိုင်သည်။

အဆိုပါကျောက်စာအရ ဘုရားပတ်ဝန်းကျင်တွင် အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ ပိန္နဲပင်များ စိုက်ပျိုးလှူဒါန်းထားကြောင်းလည်း ရေးထိုးပါရှိသည်။ မနုဟာဘုရား အနောက်တောင်ဘက် (၂၄၁)ပေအကွာ၊ မနုဟာမင်းကြီးနေထိုင်ခဲ့သည့် နေရာတွင် မင်းကြီး၏ မြစ်တော် နာဂသမန်းအမတ်က ကျောက်ဖြင့်တည်ဆောက်ထားသော နန်းဘုရားကိုလည်း ဆန်းပြားခမ်းနားစွာ တွေ့မြင်နိုင်ကြောင်း ဂေါပကအဖွဲ့က ရှင်းပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မနုဟာဘုရားကြီးသို့ လာရောက်ဖူးမြော်ကြသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း ဘုရားကြီးဂေါပကအဖွဲ့က ရှင်းပြ၍ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)