သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း

သုံးခွ ၁၃ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် စိုက်ပျိုးထားသော တောင်သူများ၏ ပဲတီစိမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မိုးစပါးနှင့် သီးထပ်အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း၊ (ရွှေဝါနှင့် ရေဆင်းမျိုး)တို့ကို အဓိကစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းမှာ စိုက်ပျိုးပြီး နှစ်လခွဲအကြာတွင် ဆွတ်ခူးရရှိကြောင်း သိရသည်။ ပဲတီစိမ်းကို နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်ထွန်ယက်စိုက်ပျိုးကြပြီး တောင်သူတစ်ဦးနှင့် တစ်ဦး စိုက်ပျိုးသည့် အချိန်ကွာခြားမှုကြောင့် ပဲထွက်ချိန်ကွာခြားမှုရှိကာ ဖေဖော်ဝါရီလလယ်တွင် လှိုင်လှိုင်ပေါ်မည်ဟု သိရသည်။

အဆိုပါပဲတီစိမ်းမှာ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးမှု၊ စိုက်ပျိုးသည့်မြေအမျိုးအစား ကောင်းမွန်မှု၊ ရာသီဥတုအခြေအနေ၊ ပြုစုပျိုးထောင်ပုံ နည်းစနစ်ကောင်းမွန်မှု၊ ပိုးမွှားအန္တရာယ် ကင်းစင်မှုတို့ပေါ်တွင် မူတည်ပြီး တစ်ဧက ၂၀ ကျော် ထွက်ရှိနိုင်ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)