ကိုဗစ်-၁၉ အသိပညာပေးပိုစတာ ဖွင့်လှစ်

ရန်ကုန် ၁၃ ဇန်နဝါရီ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် STOP COVID အဝါရောင်အင်္ကျီ ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကူး ချီးမြှင့်ပေးပို့သည့် STOP COVID-19 အဝါရောင် အသိပညာပေး Campaign ပိုစတာဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အဝါရောင် လူထူအသိပညာပေး ပိုစတာဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်မြို့တော်သူ မြို့တော်သားများ လတ်တလော ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်၍ သတိမူ စည်းကမ်းလိုက်နာကြရေးအတွက် အဆိုပါ အဝါရောင်အင်္ကျီများ ဝတ်ဆင်ကြလျက် လှုံ့ဆော်အသိပညာပေးသည့် အစီအစဥ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်လျော့ကျနိုင်ရေး၊ ပြည်သူတစ်ရပ်လုံးက နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရေး၊ အပြင်သို့သွားလာတိုင်း လက်ဆေးခြင်းအမှုကိစ္စကို အလေးအနက်ထား လိုက်နာဆောင်ရွက်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရေးတို့ကို အသိပညာပေးခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူတစ်ရပ်လုံး စဥ်ဆက်မပြတ် ကျင့်သုံးလိုက်နာသွားရန်အတွက် New normal New Living New Yangon ဟူ၍ ဆောင်ပုဒ်နှင့်အညီ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် နှာခေါင်းစည်း (Mask) တပ်ခြင်းကို အလေ့အကျင့်တစ်ခုအဖြစ် ရေရှည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူတိုင်းက အသိသတိရှိစွာ လိုက်နာခြင်းဖြင့် ပူးပေါင်းတိုက်ဖျက်ကြရမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်