ရှမ်းယူနိုက်တက်အသင်း ကစားသမားသစ်များ ခေါ်ယူ

ရန်ကုန်၊ ၁၂ ဇန်နဝါရီ

 

MNL အမှတ်ပေးချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူထားသည့် ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ်များ ထပ်မံခေါ်ယူခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် တောင်ပံကစားသမား သီဟဇော်ကို ခေါ်ယူပြီးနောက် ဧရာဝတီအသင်း ညာနောက်ခံလူ ကျော်ဇင်လွင်နှင့် မကွေးအသင်း တောင်ပံကစားသမား စိုးလွင်လွင်တို့ကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ကျော်ဇင်လွင်နှင့် စိုးလွင်လွင်တို့ကို ပြီးခဲ့သည့်ရက်ပိုင်းက အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ (၂) နှစ်ဖြစ်ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ရန်အပြင် ပြည်ပပြိုင်ပွဲများတွင် ရလဒ်ကောင်းရန်အတွက် လိုအပ်သည့်နေရာများအား အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး ပြည်တွင်းကစားသမားများ စတင်ခေါ်ယူနေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမား ငါးဦးအထိ ခေါ်ယူရန် သဘောတူညီမှုရထားပြီး ယင်းကစားသမားများအနက် သီဟဇော်၊ စိုးလွင်လွင်နှင့် ကျော်ဇင်လွင်တို့ကို စာချုပ် ချုပ်ဆိုထားပြီးဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် အပြောင်းအလဲများပြုလုပ်ထားပြီး (၂)နှစ်ဆက်ချန်ပီယံဆုရယူပေးခဲ့သည့် နည်းပြဦးအောင်နိုင်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ပေးကာ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ပြင် အသင်းခေါင်းဆောင် သီဟစည်သူမှာလည်း အသင်းမန်နေဂျာအဖြစ်ပါ ပူးတွဲတာဝန်ယူသွားမည်ဖြစ်ပြီး လိုအပ်သည့်အချိန်များတွင်သာ ဂိုးသမားအဖြစ် ပါဝင်ကစားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် စာချုပ်ကုန်ကစားသမားအများစုအား သက်တမ်းတိုးမည်ဖြစ်သလို ပြိုင်ပွဲစတင်မည့်အပေါ်မူတည်၍ နိုင်ငံခြားသားကစားသမားများ ခေါ်ယူမည်ဖြစ်သည်။

 

ညီမြတ်သော်တာ