ရန်ကုန်ယူနိုက်တက်အသင်း ပြည်တွင်းပြည်ပကစားသမားသစ်များ စတင်ခေါ်ယူ

ရန်ကုန်၊  ၁၁  ဇန်နဝါရီ

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီအတွက် ကစားသမားသစ်များ စတင်ခေါ်ယူနေပြီဖြစ်ပြီး ပြည်တွင်းကစားသမားသစ်သုံးဦးနှင့် နိုင်ငံခြားသားကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ခဲ့သည်။

ရန်ကုန်အသင်းသည် လာမည့်ရာသီတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် လိုအပ်သည့်နေရာများအတွက် အင်အားဖြည့်တင်းမှုများပြုလုပ်နေခြင်းဖြစ်ပြီး ခေါ်ယူခဲ့သည့်ကစားသမားလေးဦးတွင် ကစားသမားဟောင်းနှစ်ဦး ပြန်လည်ပါဝင်လာသည်။

ရန်ကုန်အသင်းသည် ပြည်တွင်းကစားသမားများအဖြစ် ဧရာဝတီအသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့သည့် ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊  နောက်ခံလူ ဇော်ဝင်းနှင့် ဇွဲကပင်နောက်ခံလူ ကျော်ဖြိုးဝေတို့ကို ခေါ်ယူအားဖြည့်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ဝင်းနိုင်ထွန်းကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကျန်ကစားသမားနှစ်ဦးကိုမူ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဝင်းနိုင်ထွန်းသည် သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများတွင် တောက်လျှောက်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းတွင် ပါဝင်ခဲ့သည်။ ဝင်းနိုင်ထွန်းသည် ရတနာပုံနှင့် ဧရာဝတီအသင်းတို့တွင် ကစားပြီးနောက် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ ဇော်ဝင်းမှာမူ ရန်ကုန်အသင်းတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ပါဝင်ကစားခဲ့ပြီး ၂၀၁၆ ရာသီမှ ၂၀၂၀ ရာသီအထိ ချင်းယူနိုက်တက်၊ ရခိုင်နှင့် ဧရာဝတီအသင်းတို့တွင် ပါဝင်ကစားကာ အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ကျော်ဖြိုးဝေမှာမူ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ထွက်ပေါ်လာသူဖြစ်ပြီး လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရကာ ၂၀၁၈ ရာသီမှစတင်ကာ ဇွဲကပင်အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။

ရန်ကုန်အသင်းသည် ပထမဆုံးပြည်ပကစားသမားခေါ်ယူမှုအဖြစ် ဘရာဇီးကွင်းလယ်ကစားသမား အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။ အီမာဆင်သည် ရန်ကုန်အသင်းသို့ တတိယမြောက်အဖြစ် ပြန်လည်ကစားခြင်းဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၅ ရာသီအထိ ပထမအကြိမ်၊ ၂၀၁၇ ရာသီတွင် ဒုတိယအကြိမ် ကစားခဲ့သည်။ အီမာဆင်သည် ပြီးခဲ့သည့်ရာသီတွင် ဇွဲကပင်အသင်းတွင် ပါဝင်ကစားခဲ့ကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်