မအူပင်မြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ဒီဇင်ဘာ ၂၂ နံနက် ၉ နာရီက မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနား ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့အသံသို့ သတင်းများပေးပို့ပြီး ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

၎င်းနောက် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသခြင်း၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ မျှဝေခံစား လူမှုစီးပွားအစီအစဉ်၊ ရှင်သန်ခြင်းကမ်းလက်များ အစီအစဉ်၊ ဇာတ်လမ်းပမာ အစီအစဉ်နှင့် ပြုံးပဒေသာအစီအစဉ်များအား သရုပ်ပြတင်ဆက်ခဲ့ကြပြီး ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ ၁၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)