ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဘူမိသိပ္ပံဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ၂၆  နိုဝင်ဘာ

ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဘူမိသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် Zoom Video Conference ပုံစံဖြင့် ကျင်းပသည်။ 

အဆိုပါ စာတမ်းဖတ်ပွဲကို ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဋ္ဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကာ အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်နှင့် ဘူမိသိပ္ပံ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုန်ဟန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပသည့် ဘူမိသိပ္ပံဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွင် ဘူမိဗေဒ ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း (၉) စောင်အား ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။ 

ဘူမိဗေဒ ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်း (၉)စောင်တွင် “ Geopark  (ဘူမိဗေဒဥယျာဉ်) နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရှေ့ဆက်ဆောင်ရွက်မည့်အလားအလာ၊ မြန်မာနိုင်ငံရှိ စီးပွားဖြစ်သတ္ထုရိုင်း သိုက်များအကြောင်း၊ တောင်ကြီးဒေသ၏ မြေအောက်ရေစီဆင်းမှုနှင့် ရေအရည်အသွေးပိုင်းဆိုင်ရာများ၊ ဧရာဝတီဆင်စုဒေသမှ ရရှိသည့် ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကျွင်းတွေ့ရှိချက်များ၊ အင်ဂျင်နီယာဘူမိဗေဒ ပိုင်းဆိုင်မှာဆိုင်ရာ ဆည်မြောင်း၊ ရေအားလျပ်စစ်စီမံကိန်းများရှိ အောက်ခံကျောက်များ၊  ဧရာဝတီ ကမ်းလွန်ပင်လယ်ပြင်အနည်များမှ ရရှိလာသည့် အဏုကျောက်ဖြစ်ရုပ်ကျွင်းများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တစ်မြို့နယ်အား ရွေးချယ်စာတမ်းပြုစုထားသည့် ရေကြီးရေလျံမှုကို ဘယ်လိုဖြေရှင်းကြမလဲ၊ ကရင်ပြည်နယ်တွင် တွေ့ရှိရသည့် ဂေါဒန်ကျောက်များ ရင်းမြစ်တင်ပြမှု၊ ရေနံဘူမိဗေဒနှင့် သက်ဆိုင်သည့် ရွှေစက်တော်ကျောက်လွှာစု၏ ကျောက်သားဆိုင်ရာ အရည်အသွေးနှင့် ရေနံ ခိုအောင်းနိုင်မှု စသည့် စာတမ်းများကို တင်သွင်းဖတ်ကြားခဲ့ကြောင်း စာတမ်းဖတ်ပွဲ သဘာပတိအဖြစ်ဆောင်ရွက်သူ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေဝအောင်ထံက သိရသည်။

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေဝအောင်က “အခုဖတ်ကြားတဲ့ စာတမ်းတွေက မတူညီကြပါဘူး။ သို့သော် တင်သွင်းဖတ်ကြားသွားတဲ့ စာတမ်းတွေက အလွန်အသုံးဝင်ပါတယ်။ ပညာရပ်ဆိုင်ရာ စာတမ်းတွေဖြစ်သလို လူထုအကျိုးပြုစာတမ်းတွေ၊ တိုင်းပြည်အတွက် သဘာဝသယံဇာတနဲ့ ပတ်သက်တဲ့ စာတမ်းတွေ၊ မြေအောက်ရေ အရည်အသွေးဆိုင်ရာစာတမ်း စသည့်ဖြင့် အများကြီး ပါဝင်ပါတယ်။ ဥပမာ- ရေကြီးရေလျှံမှုနဲ့ ပတ်သက်တဲ့စာတမ်းဆိုရင် သူရဲ့သုတေသနစာတမ်းကို အသုံးပြုခြင်းဖြင့် အထိုက်အလျောက် ကာကွယ်နိုင်မယ်။ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း လုပ်တဲ့အခါမှာလည်း အများကြီးအထောက်အကူပြုတယ်။ တောင်ကြီးဒေသရဲ့ မြေအောက်ရေနဲ့ ရေအရည်အသွေးဆိုရင်လည်း မြို့နေလူထုအတွက်ကို တိုက်ရိုက်အထောက်အကူပြုတယ်။ ရွှေသတ္ထုရိုင်းသိုက်နဲ့ ဖတ်တာဆိုရင်လည်း နိုင်ငံတော်ရဲ့ စီးပွားရေး၊ နောက် ပညာရပ်ဖွံ့ဖြိုးမှုအတွက် အများကြီးအထောက်အကူပြုတယ်။ ရေအားလျှပ်စစ်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာဘူမိဗေဒ ပိုင်းဆိုင်မှာဆိုရင်လည်း အခုလို ဆွေးနွေးခြင်းဖြင့် မလိုလားအပ် တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဆည်မြောင်းတွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုတွေအတွက် အများကြီး အထောက်အကူပြု ဆွေးနွေးနိုင်တဲ့ အနေအထားရှိပါတယ်။ ဘူမိဗေဒ ဘာသာရပ်အနေနဲ့ကတော့ သူတေသနများသည် လူသားအကျိုးပြု မှုနဲ့ နိုင်ငံတော်အကျိုးပြုမှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ရှိနေမှာဖြစ်ပါတယ်” ဟုပြောသည်။ 

ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနသည် ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုတွင် နိုင်ငံတကာ စာတမ်းဖတ်ပွဲ (International Conference) ကိုကျင်းပခဲ့ပြီး ယနေ့ကျင်းပသည့် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲသည် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ်  လှုပ်ရှားမှုတစ်ခုအဖြစ်  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 “အခုလို Zoom application သုံးပြီး ကျင်းပတဲ့အခါ နိုင်ငံတကာက ပညာရှင်တွေပါ တက်ရောက်တာ မြင်ရတယ်။ ပညာရပ်ဖွံ့ဖြိုးတိုးတက်ရင် တက္ကသိုလ်လည်း ဖွံ့ဖြိုးတိုးတက်မှာမို့ အများကြီး အထောက်အကူ ပြုတဲ့စာတမ်းဖတ်ပွဲ ဖြစ်ပါတယ်” ဟု ဒေါက်တာဒေဝအောင်က ပြောသည်။ 

စာတမ်းတင်သွင်းဖတ်ကြားသူများတွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါရဂူတန်း တက်ရောက်နေသည့် ပါရဂူ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမများ၊  မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ဆရာကြီးများနှင့် ဘူမိဗေဒဘာသာရပ်ကို လေ့လာလိုက်စားသည့် ပညာရှင်များပါဝင်ကြောင်း သိရသည်။ 

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်