အိန္ဒိယနိုင်ငံတောင်ဘက်၌ နီဗာဆိုင်ကလုန်းမုန်တိုင်းကြောင့် သုံးဦးထက်မနည်းသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ

နယူးဒေလီ ၂၆ နိုဝင်ဘာ 

အိန္ဒိယနိုင်ငံတောင်ဘက် ကမ်းရိုးတန်းဒေသများသို့ နီဗာဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ တမီးလ်နဒူပြည်နယ်၌ လူသုံးဦးထက်မနည်း သေဆုံးပြီး ကျန်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသဆိုင်ရာ တာဝန် ရှိသူများက ပြောကြားသည်။

နီဗာဆိုင်ကလုန်းသည် ယနေ့အစောပိုင်းက တမီးလ်နဒူပြည်နယ်နှင့် ပူဒူချယ်ရီဒေသတို့၏ ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက် ခတ်မှုများဖြစ်ပွားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် တမီးလ်နဒူပြည်နယ်၌ သစ်ပင်လဲကျမှုနှင့် အုတ်တံတိုင်း ပြိုကျမှုများဖြစ်ပွားခဲ့ပြီး ယင်းသစ်ပင်လဲကျမှုနှင့် ခြံဝင်းအုတ်တံတိုင်း ပြိုလဲမှုများတွင် လူသုံးဦးထက်မနည်း သေဆုံးပြီး ကျန်သုံးဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆိုင်ကလုန်းကြောင့် လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ထို့အတူ ပူဒူချယ်ရီဒေသရှိ နေရာအများအပြားတွင် မုန်တိုင်း၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုနှင့် သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်အထိ သေကျေဒဏ်ရာရရှိမှုသတင်း မရှိသေးကြောင်းသိရသည်။ 

သို့သော် နီဗာဆိုင်ကလုန်းသည် အိန္ဒိယနိုင်ငံတောင်ဘက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အားပျော့သွားကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ပြောကြားချက်အရ သိရသည်။ 

ဒေသဆိုင်ရာအာဏာပိုင်များသည် အိန္ဒိယနိုင်ငံတောင်ဘက်သို့ နီဗာဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် ချဉ်းကပ်လာစဉ်ကတည်းက ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြည်သူ ၂၀၀၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်။

ကိုးကား - ဆင်ဟွာ photo – PT၊
ဘာသာပြန် - ဂျေတီ