အင်းဝ ရှေးဟောင်းယဉ်ကျေးမှုဇုန်မှ စိတ်ဝင်စားဖွယ်ရာ ညောင်ရမ်းခေတ်လက်ရာ စေတီတန်း 

အင်းဝ ၂၆  နိုဝင်ဘာ 

အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် စိတ်ဝင်စားစရာ  စေတီပုထိုးများစွာရှိပြီး ကိုဗစ် - ၁၉ ကပ်ရောဂါ မဖြစ်ခင်က နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြားသည်။ ညောင်ရမ်းခေတ်လက်ရာ စေတီတန်း တည်ရှိရာနေရာသည် အင်းဝတွင် စိတ်ဝင်စားစရာကောင်းပြီး လက်ရာမြောက်သည့် ထူးခြားသော စေတီပုထိုးများစွာရှိသည်။ ဝင်္ကပါ၊ ကြောင်လိန်၊ မြင့်မိုရ်တောင်ဘုရားများ၏ လက်ရာများမှာ ထူးခြားကာစိတ်ဝင်စားဖွယ် ကောင်းလှသည်။      

ထိုစေတီပုထိုးများသည် ညောင်ရမ်းခေတ်    ဗိသုကာလက်ရာများဖြစ်ပြီး တစုတဝေးတည်းရှိနေသည်။ ဗားကရာကျောင်း၏ အနောက်ဘက်သို့သွားလိုက်သည်နှင့် ပတ်ဝန်းကျင် ရှုခင်းများနှင့်အတူ ခြောက်ဆူတန်း၊ ကိုးဆူတန်း၊ ကြောင်လိန်၊ မြင့်မိုရ်တောင်၊ စူဠာမဏိစေတီ၊ ဝင်္ကပါစေတီတို့ကို  ထူးခြားစွာမြင်တွေ့နိုင်သည်။ 
ဒုတိယ အင်းဝခေတ် (ညောင်ရမ်းခေတ်) သက္ကရာဇ် ၁ဝ၇၆-၁ဝ၉၅ ခုနှစ်တွင် အင်းဝထီးနန်းစံမြန်းခဲ့သည့် သီရိပဝရမဟာဓမ္မရာဇာဓိပတိမင်းဘွဲ့ခံ တနင်္ဂနွေမင်းသည် မာရ်အောင်ဘွဲ့ပါသည့် ဘုရားများကို တည်ထားခဲ့သည့်အပြင် ဗိသုကာလက်ရာ ထူးခြားသည့် ဝင်္ကပါဘုရား၊ မြင့်မိုရ်တောင်၊ ကြောင်လိန်နှင့် လောကဒုဿမာရ်အောင် ဘုရားတို့ကို တည်ထားခဲ့ကြောင်း သိရသည်။ ဝင်္ကပါစေတီမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ လိုဏ်ဂူကြီးသဏ္ဌာန်တည်ထားပြီး အတွင်းဘက်တွင် ဝင်္ကပါဖွဲ့ကာ တည်ထားခဲ့သည်။ ဝင်္ကပါပေါက်များကို ကျော်လွန်ကာ စေတီတော်အပေါ်ပိုင်းသို့ ရောက်သည်နှင့် အနီးနားရှိ ဘုရားစုမြင်ကွင်းများက ဘုရားဖူးများနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို အထူးဆွဲဆောင်စေသည့် နေရာပင်ဖြစ်သည်။ 

တိမ်တမန်